” အညာမြေက အလှူပွဲနှင့် အလှူလှည့် ” (၂)

” အညာမြေက အလှူပွဲနှင့် အလှူလှည့် ” (၂)

 2022-01-15 22:43:00
 fitc Aungaungmyint
Original  2718
Summary : ယခု့ အလှူကြီးရက် ရောက်ပါတော့မည်။ အလှူကြီးရက်မရောက်မီ တစ်ရက်အလိုက အလှူဝင်ရက်။ အလှူဝင်ရက်မှာ အလှူလှည့် (ခေါ်) ရှင်လောင်းလှည့်ပွဲ ကျင်းပသည်။ အလှူလှည့်ဆိုတာ အလှူ့တကာက သပိတ်လွယ် အလှူ့အမက သင်္ကန်းပိုက်ကြကာ မောင်ရှင်လောင်းအား ရှင်လောင်ဝတ်စုံအပြည့်ဖြင့် မြို့ရွာရပ်ကွက်အတွင်း ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း လှည့်လည်ခြင်းပင်။ မြန်မာတို့၏ ရှင်ပြုအလှူပွဲများမှာ ရှင်လောင်းလှည့်ပွဲက အလှူ၏အဓိကနေရာမှာရှိသည်။ ရှင်လောင်းလှည့်ပွဲကို အလှူ့တကာ အလှူ့အမများက ငွေကုန်ကြေးကျခံကာ ကြီးကျယ်အောင် စီစဉ်တတ်ကြသလို ရပ်ရွာများကလည်း စိတ်ဝင်စားကြသည်။

” အညာမြေက အလှူပွဲနှင့် အလှူလှည့် ” (၂)

" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)

ယခု့ အလှူကြီးရက် ရောက်ပါတော့မည်။ အလှူကြီးရက်မရောက်မီ တစ်ရက်အလိုက အလှူဝင်ရက်။ အလှူဝင်ရက်မှာ အလှူလှည့် (ခေါ်) ရှင်လောင်းလှည့်ပွဲ ကျင်းပသည်။ အလှူလှည့်ဆိုတာ အလှူ့တကာက သပိတ်လွယ် အလှူ့အမက သင်္ကန်းပိုက်ကြကာ မောင်ရှင်လောင်းအား ရှင်လောင်ဝတ်စုံအပြည့်ဖြင့် မြို့ရွာရပ်ကွက်အတွင်း ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း လှည့်လည်ခြင်းပင်။ မြန်မာတို့၏ ရှင်ပြုအလှူပွဲများမှာ ရှင်လောင်းလှည့်ပွဲက အလှူ၏အဓိကနေရာမှာရှိသည်။ ရှင်လောင်းလှည့်ပွဲကို အလှူ့တကာ အလှူ့အမများက ငွေကုန်ကြေးကျခံကာ ကြီးကျယ်အောင် စီစဉ်တတ်ကြသလို ရပ်ရွာများကလည်း စိတ်ဝင်စားကြသည်။

" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)

ကျွန်တော်က အညာဒေသ မြို့အလှူ  တောအလှူပွဲများမှ အလှူလှည့်ပွဲများ မကြာခဏဆိုသလို တွေ့ဖူးကြုံဖူး မြင်ဖူးသည်။ အလှူ ရှင်လောင်းလှည့်ပွဲမှာ တန်ခိုးကြီးဘုရားများကို မောင်ရှင်လောင်းနှင့်အတူ အလှူ့ရှင်မိသားစုများ ဝင်ရောက်ဖူးမျှော်တာရှိသည်။ အလှူ့တကာ အလှူ့အမ၏ အမိ အဘ ဦးကြီးဦးလေး အဒေါ်အမများ နေထိုင်ရာအိမ်ကို ဝင်ရောက်ကန်တော့တာမျိုး တွေ့ဖူးသည်။ တစ်ချို့က ရှင်လောင်းလှည့်ပွဲကို နတ်ပြပွဲနှင့်အတူ ကျင်းပသည်။ နတ်ပြတယ်ဆိုတာက မောင်ရှင်လောင်းကို ရွာတော့်ရှင် ဘိုးဘိုးကြီး (သို့) မိမိတို့ရပ်ဓလေ့ရွာဓလေ့ ဆိုင်ရာပိုင်ရာနတ်နှင့် ဘိုးဘိုးကြီးများရှိရာ နတ်ကွန်း၊ နတ်နန်းကို သွားရောက်ပြသကြခြင်းပင်။

ရှင်လောင်းလှည့်ဓလေ့နှင့်ပတ်သက်၍ လေ့လာကြည့်ရာ ရှင်လောင်းလှည့်ပွဲမှာ ဗုဒ္ဓလက်ထက်တော်ကပင် ရှိခဲ့သည်။ ဝင်းခင်း၍ ခမ်းနားကြီးကျယ်သော ရှင်လောင်းလှည့်ပွဲကြီး တစ်ရပ် ရာဇဂြိုလ်မြို့တွင် ပေါ်ပေါက်ခဲ့ဘူးသည်။ ဝိသာခါသည် ချစ်ဇနီး ဓမ္မဒိန္နာကို ရှင်ပြုနိုင်ရန် ရွှေထမ်းစင်ဖြင့် ဘိက္ခူနီမကျောင်းတော်သို့ ပို့ဆောင်ဘူးကြောင်း ဗိမ္ဗိသာရမင်းကြီးကပါ မြို့တော်တစ်ခုလုံးကို တန်ဆာဆင်ပေးခဲ့ကြောင်း ရှင်လောင်းလှည့်ပွဲကြီးမှာ လူထုလူတန်းစားအသီးသီးက ပန်းနံ့သာများ စွဲကိုင်လျက်လိုက်ပါရကြောင်း ဘာသာရေးစာအုပ်ထဲမှ ဖတ်ဖူးသည်။ ရှေးကတည်းကရှိခဲ့သည့် ရိုးရာဓလေ့ဖြစ်၍ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေဖြင့် ရှင်လောင်းလှည့်လည်ပွဲကို တခမ်းတနားလုပ်ကြတာ အဆန်းမဟုတ်တော့ပြီ။

" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)

ကျွန်တော်ငယ်စဉ်က အညာဒေသ မြို့အလှူ ရွာအလှူ များ၏ အလှူလှည့်ပွဲများကို လိုက်ပါဖူးသည်။ ဘုန်းတော်ကြီးကျောင်းမှာရှိသည့် လူလေးယောက်က ဝေါပေါ်မှာထိုင်လိုက်လာသည့် ရှင်လောင်းဝတ်စုံဝတ် ကိုးနှစ် ဆယ်နှစ်သားအရွယ် မောင်ရှင်လောင်းကို ထမ်းရသည်။ ထီးကိုင် နှစ်ယောက်က မောင်ရှင်လောင်း နေမထိုးရလေအောင် ရွှေထီးတော်မိုးပေးရသည်။ သည်တုံးက ရှိုးလိုက်ရတုဆိုသည့် ကာလသားအဖွဲ့ ပါသည်။ ယခုခေတ်မှာ မြို့ရွာတစ်ချို့ကလွဲလျှင် ရှိုးလိုက်အဖွဲ့ မရှိသလောက်ဖြစ်နေပြီ။ မောင်ရှင်လောင်းကသာ ဝေါပေါ်ကထိုင်လိုက်ရတာ အလှူ့တကာ၊ အလှူ့အမ အပါအဝင် လိုက်ပါသူအားလုံးမှာ ခြေကျင်လမ်းလျှောက်။ နေ့ တစ်နာရီလောက်က လှည့်သည့် ရှင်လောင်းလှည်ပွဲမှာ ညနေ ငါးနာရီလောက်မှပြီးသည်။ ရွာရိုးတစ်လျှောက် အလှူလှည့်ချိန်မှာ ဖုန်တစ်လုံးလုံး ချွေးတစ်လုံးလုံး ဖြစ်ပေမယ့် မောပန်းကြဟန်မတူ။
မြင်းရှိသည့် ရပ်ရွာတွေကြတော့ မောင်ရှင်လောင်းကို မြင်းပေါ်တင်လှည့်သည်။ မောင်ရှင်လောင်းတစ်ပါး မြင်းတစ်ကောင်တင်လှည့်ရာ မောင်ရှင်လောင်းများသည့် အလှူလှည့်မှာ မြင်းတစ်စီး ရွှေထီးကိုင်နှစ်ယောက်ပါတာမို့ အလှူလှည့်မြင်ကွင်းက ထီးတန်းကြီးဖြင့် လှပနေပေတော့သည်။ ငွေကြေးတတ်နိုင်သည့် အလှူများကြပြန်တော့ ဆင်စီးမြင်းရံအလှူတဲ့။ သားမောင်ရှင်လောင်းကို ဆင်ဖြင့်လှည့်သည်။ သားသုံး လေးယောက်ရှိသူက မောင်ရှင်လောင်းတိုင်း ဆင်ပေါ်တင်လှည့်တာဆိုတော့ ဆင် သုံးစီးလေးစီးပါသည်။ ဆင်တစ်ကောင်တည်းထည့်နိုင်သည့် အလှူလှည့်က ကျန်ရှင်လောင်းများကို ရှင်လောင်းတစ်ပါး မြင်းတစ်ကောင်။ အလှူကြီးပေးနိုင်သူတွေက မောင်ရှင်လောင်းတိုင်း ဆင်ပေါ်တင်လှည့်နိုင်သဖြင့် ဆင် ငါးကောင်၊ ဆင်ခုနှစ်ကောင် စသဖြင့်လှည့်သည့် အလှူမျိုးရှိသည်။

မန္တလေး စစ်ကိုင်းဝန်းကျင် မြို့ရွာများက အလှူလှည့်မြင်ကွင်းကို ပုံဖော်ပြရလျှင် နေ့ တစ်နာရီဝန်းကျင်မှာ အလှူလှည့်စပြီ။ အလှူလှည့်မှာ လိုက်ပါမည့်သူများကို အလှူမဏ္ဍပ်မှာ စုသည်။ မြန်မာတို့၏ အလှူလှည့်ဓလေ့က တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဟု ဆိုရမည်။ အလှူတစ်ခုနှင့်တစ်ခု အလှည့်စီစဉ်ပုံမတူ။ အများစု ပြုလုပ်သည့် အစီအစဉ်မှာ ရှေ့ဆုံးက ဘုရားကား ဟုခေါ်သည့် ကန်တော့ပွဲတင် မော်တော်ယဉ်။ နောက်မှာ တံခွန်တိုင်လုံးနှစ်လုံး၊ တံခွန်ကုက္ကားမုလေးပွားကိုင်အဖွဲ့၊ ဆွမ်းတော်ကြီးဝတ်အသင်းရှိသည့် မြို့ရွာများမှာတော့ ဆွမ်းတော်ကြီးဝတ်အသင်း၊ နောက်ကအဖွဲ့က ရေချမ်းအိုးလေးလုံးရွက် အမျိုးသမီးကလေးငယ်များနှင့် ကြာသင်္ကန်းကိုင် အမျိုးသမီးနှင့် အပျိုချောများ၊ ဂဏှာ ဇာလီ စူဇကာပုဏ္ဏားသရုပ်ပြအဖွဲ့နောက်မှာ ပုဂံခေတ်အဝတ်အစား ဝတ်ဆင်သည့် ရာဇာဝင်း၊ သည်နောက်မှာ ကွမ်းတောင်ပန်းတောင်ကိုင် အလှပဂေးများ။

အလှူ့တကာ အလှူ့အမအမည်ပါ အလှူတော်မင်္ဂလာဆိုင်းဘုတ်ကို အမျိုးသမီးငယ် နှစ်ဦးကကိုင်သည်။ နောက်မှာက သပိတ်လွယ် သင်္ကန်းထည့်ဖလားပိုက် အလှူ့တကာနှင့်အလှူ့အမ။ တစ်ချို့အလှူတွေမှာ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များကို စုံတွဲပြု၍ သပိတ်လွယ် သင်္ကန်းထည့် ဖလားပိုက်စေကာ အလှူလှည့်မှာ ထည့်လိုက်သေးသည်။ သည်အတန်းမှာ ပုံမှန်လိုက်ပါတာက သပိတ်လွယ် သင်္ကန်းဖလားပိုက် အမျိုးသား အမျိုးသမီးဇနီးမောင်နှံစုံတွဲများ၊ သူတို့နောက်မှာ အလှူလှည့်ပွဲ၏ အဓိကအကျဆုံး မောင်ရှင်လောင်းတင်ဆင် (ရှင်လောင်းများလျှင် ဆင်များ)၊ ဆင်နောက်မှာ အလှူလှည့်လိုက်ပါသည့် ကိုရင်အသုံးအဆောင်ပစ္စည်း ကန်တော့ပွဲရွက် အမျိုးသမီးများအဖွဲ့၊ သည်နောက်က အခြားမောင်ရှင်လောင်းများ စီးနင်းလိုက်ပါသည့် မြင်း၊ နောက်အဖွဲ့က ရှင်ဘုရင် မိဖုရားနှင့် ဝန်ကြီးစစ်သူကြီးများကို မင်းခမ်းမင်နားဝတ်စုံများဖြင့် လိုက်ပါသည့် ရတနာပုံဝင်း၊ နောက်ကပါလာသည့်အဖွဲ့က နားထွင်းနားသ သတို့သမီးငယ်များတင်လာသည့် အလှဆင်မြင်းလှည်းယာဉ် (သို့) ရွှေလှည်းယာဉ်ကျော့၊ တန်းရှည် အလှူလှည့်ရာတွင် အဆင်ပြေစေရန် အကအဖွဲ့၊ တီးဝိုင်းအဖွဲ့၊ ယိမ်းအဖွဲ့၊ အဆိုအဖွဲ့များစွာကို သင့်ရာနေရာမှာ ကြားညှပ်ထည့်ထားသည်။

" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)" အညာမြေက အလှူပွဲနှင့် အလှူလှည့် " (၂)

အလှူလှည့် အတန်းရှေ့နောက်စီရာမှာ ဒေသတစ်ခုနှင့်တစ်ခု မတူသော်လည်း ယခုအစီအစဉ်မှာ အနီးစပ်ဆုံး ဖြစ်ပါ၏။ ဒါက အညာအလှူများ၏ ဆင်၊ မြင်း၊ ဝေါထမ်းစင်ဖြင့် လှည့်ရာမှာ မြင်တွေ့ရသည့် ရှင်ပြုအလှူလှည့်ပွဲအများစု၏ အလှူလှည့်ဓလေ့ဖြစ်ပါသည်။

တကယ်တော့ အညာမှာ မောင်ရှင်လောင်းကို ရှေးက ဝေါ (ခေါ်) ထမ်းစင်ဖြင့်သာ ရှင်လောင်းလှည့်ပါသည်။ နောက်ပိုင်းမှာ မြင်း၊ ဆင် စသဖြင့် လှည့်တာများလာသည်။ သည်အထဲမှာ မန္တလေးလို မြို့ကြီးအလှူလှည့်ကြတော့ ကားတန်းရှည်ဖြင့် ဘုရားကြီးသွားရောက်ကန်တော့၊ အောင်ပင်လယ်ဘိုးဘိုးကြီးနန်း၊ မန္တလေးတောင် ဘိုးဘိုးကြီးနန်းတို့ကို နတ်ပြသွားရင်း မြို့ပေါ်မှာ ကားမောင်းလှည့်တာများပါသည်။ ကားပေါ်မှာ ရှင်လောင်းပါသည်။ နားထွင်းသတို့သမီးပါသည်။ အလှူ့တကာ အလှူ့အမနှင့် ဆွေမျိုးသားချင်းများပါသည်။ အကအဖွဲ့ တီးဝိုင်းအဖွဲ့ပါသည်။
အညာမှာ ရှင်ပြုအလှူပြုလုပ်ပါက အလှည့်လေးတော့ပါချင်သူများရာ တစ်ချို့ ရပ်ရွာများမှာ ရွာရိုးကိုးပေါက် ခြေကျင်လျှောက်လှည့်တာမျိုးတွေ ယနေ့အထိ ရှိနေပါသေးသည်။

ထူးထူးဆန်းဆန်းလို့ပြောရမည့် အလှူလှည့်များလည်း ရှိပါသေးသည်။ အဆင်ပြေသလို လှည့်တာဆိုတော့ ဆိုက္ကားပေါ် ရှင်လောင်းတင်လှည့်တာ၊ မော်တော်ဆိုင်ကယ်ပေါ် ရှင်လောင်းတင်လှည့်တာမျိုးပင် တွေ့ရပါသေးသည်။

အညာမြေက ရှင်ပြုအလှူပွဲများ၏ အလှူလှည့်ဓလေ့မှာ ရိုးရာကိုအခြေခံထားသဖြင့် မြင်ရသူတိုင်း သာဓု ခေါ်စရာပါ။ ညနေ လေးနာရီကျော်မှာ အလှူလှည့်တာပြီးပြီ။ အားလုံး အလှူမဏ္ဍပ် ပြန်ဝင်ရသည်။ အလှူလှည့် လိုက်ပါသူများမှာ နေ့တစ်ဝက်ကျိုးအောင် နေပူထဲလမ်းလျှောက်ကြရသဖြင့် ဝမ်းဟာနေကြပြီ။ သည့်အတွက် ရှင်လောင်းလှည့်ပွဲလိုက်ပါသူအားလုံး အလှူလှည့်အပြန်စားဖို့ ထမင်းရုံမှာ ထမင်းပွဲတွေက အရံသင့်။ အညာမြေက အလှူလှည့်ပွဲများ၏ မွန်မြတ်သော စေတနာဒါနမျိုးစေ့ချ လှူဒါန်းကျွေးမွေးပွဲပေမို့ လူသာဓုခေါ်  နတ်သာဓုခေါ်ကြမှာ သေချာသည်။

အောင်အောင်မြင့်

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/01/15/%e1%80%a1%e1%80%8a%e1%80%ac%e1%80%99%e1%80%bc%e1%80%b1%e1%80%80-%e1%80%a1%e1%80%9c%e1%80%be%e1%80%b0%e1%80%95%e1%80%bd%e1%80%b2%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
下一篇 2月 18, 2022 1:05 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....