အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၁)

 အပျိုစင်လေးများခင်းရသည့် ပန်းမွေ့ယာပူဇော်ပွဲ (၁)

အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၁)

မြန်မာသက္ကရာဇ် တပို့တွဲလပြည့်ကျော် ၃ရက်နေ့က ဝါခင်းကုန်း မာရ်အောင်ရတနာစေတီဘုရားပွဲတော် စတင်သည့်နေ့ ဖြစ်သည်။ ဘုရားပွဲတော်ရက်မတိုင်မီ တစ်ရက်အလို တပို့တွဲလပြည့်ကျော် ၂ရက်နေ့မှာ ဘုရားခြေတော်ရင်း ရင်ပြင်တော်ပတ်လည်တွင် ပန်းမွေ့ယာခင်းပူဇော်ပွဲ ရှိသည်။

မာရ်အောင်ရတနာစေတီ ဆိုတာက ရတနာပုံနေပြည်တော် ဒုတိယနန်းစံ သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့ ကောင်းမှုဖြစ်သည်။ သီပေါမင်းတရားကြီးက မိမိမွေးနံ “တေဇအရပ်” ဖြစ်သည့် ရွှေမြို့တော်ကြီး အရှေ့တောင်ထောင့် မဟာသီရိဟေမဝန် ဥယျာဉ်တော်အရှေ့တောင်ပိုင်း ဘုရင့်ဝါစိုက်ရာ ဝါခင်းကုန်းအရပ်မှာ ၁၂၄၁ ခုနှစ်က တည်ထားကိုးကွယ်ခဲ့သည်။ ဝါခင်းကုန်းအရပ်မှာရှိ၍ မန္တလေးမှာတော့ ဝါခင်းကုန်းဘုရားဘွဲ့အမည်ဖြင့်သာ လူသိများသည်။

တကယ်တော့ ဘုရားဘွဲ့က သုံးမည်ရ။ သီပေါမင်း နံတော်သင့် ဘုရားဖြစ်၍ မာရ်အောင်ရတနာစေတီ၊ ဘုရင့် ဝါစိုက်ရာ ဝါခင်းကုန်းမှာတည်သဖြင့် ဝါခင်းကုန်းဘုရား၊ မွေတော် ဓာတ်တော်များ ကိန်းဝပ်စံပယ်တော်မူသဖြင့် မာရ်အောင်ရတနာ ဓာတုဃရစေတီတော်။ လက်ရှိစေတီတော်တည်ရှိရာ နေရာက မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်။ မန္တလေး အခေါ်အရ ၃၁ နှင့် ၃၂ လမ်း၊ ၅၆ နှင့် ၅၇ လမ်းကြား။ ဘုရားအဓိကဝင်ပေါက်လမ်းက တောင်ဘက် ၃၅လမ်း၊ ၅၆ နှင့် ၅၇လမ်းကြားရှိ ဘုရားလမ်း ဖြစ်သည်။

အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၁)အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၁)

လွန်ခဲ့သည့် ၁၉၉၀ ခုနှစ်ရှေ့ပိုင်းကာလများဆီက ဝါခင်းကုန်းစေတီတော်တည်ရှိရာ မန္တလေးမြို့ပြအခြေအနေမှာ ယခုလိုမဟုတ်။ ထိုစဉ်က မန္တလေးမြို့ အေလမ်း(၃၅လမ်း)မှာ အနောက်ဧရာဝတီမြစ် ဂေါဝိန်ဆိပ်မှ အရှေ့ ဆရာအတတ်သင်သိပ္ပံ(TTC)အထိသာ လမ်းဘေးဝဲယာ တိုက်တာအိမ်ခြေ ရှိသည်။ မြို့အခင်းအကျင်းအနေဖြင့် အနောက်ဂေါဝန်မှ အရှေ့ ဆရာအတတ်သင်သိပ္ပံအထိသာ မြို့ပြနေရာဖြစ်၏။ ဒါတောင် စည်စည်ကားကားကြီး မဟုတ်။

မန္တလေး အရှေ့မြောက်မြို့နယ်ထဲမှာရှိသည့် ဆရာအတတ်သင်သိပ္ပံကျောင်းအရှေ့ဘက်ရှိ နဒီမြောင်းလွန်တာနှင့် ပုသိမ်ကြီးမြို့နယ်ဖြစ်သွားပြီ။ ရတနာနဒီချောင်းအရှေ့ဘက်မှာ ထန်းရည်နာမည်ကြီးသည့် ယာဉ်ပျံရှိသည်။ ကန်ကောက်ရွာရှိသည်။ ၃၅ လမ်းမကြီးမြောက်ဘက်မှာ တစ်မျှော်တစ်ခေါ်  လယ်ကွင်းပြင်နှင့်အတူ ကျိုးတိုကျဲတဲ လူနေတဲအိမ်များရှိသည်။
အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၁)အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၁)အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၁)
၃၅ လမ်းတောင်ဘက်တန်းမှာက မနော်ရမန်ရပ်ကွက်ကြီး။ ပြီးတော့ မြင်းတန်းနှင့် တံပျက်စီးစု။ အရှေ့ဘက်ဆက်တော့ ဝါကွင်းကုန်းဘုရားနှင့် မျက်နှာချင်းဆိုင်မှာ ၃၅ လမ်းသာခြားသည့် ရွှေဂဲပွား။ ရွှေဂဲဘွားတောင်ဘက်မှာ ရဲမွန်တောင်။ မြို့နားနီးတော့ ရွာကလေးတွေက ရပ်ကွက်လိုလို။ သည်နေရာတွေအားလုံးက အောင်ပင်လယ်ကန်ရေသောက် လယ်ကွင်းတွေ ဝိုင်းရံနေသည်။

၃၅ လမ်းမြောက်ဘက် ရတနာနဒီချောင်းအရှေ့ဘက်မျှော်ကြည့်လျှင် ဦးကောသုသာန်နှင့် ဒေါ်ဦးသုသာန်ရှိသည်။ သစ်သားစရပ်ကြီးတွေရှိသည်။ ဘုန်းတော်ကြီးကျောင်းတွေရှိသည်။ အရှေ့ဘက် ဘုရင့်ဝါစိုက်ရာ ဝါခင်းကုန်းမြင့်ပေါ်ရှိ မာရ်အောင်ရတနာစေတီတော်ပတ်လည်မှာ လယ်ကွင်းပြင်နှင့် အိမ်ကလေးတွေ။ ထိုစဉ်က အရှေ့အောင်ပင်လယ်တာရိုး ရောက်သည်အထိ ၃၅ လမ်း တောင်ဘက်မြောက်ဘက် လမ်းဘေးဝဲယာမြင်ကွင်းမှာ စပါးစိုက်ခင်းတွေက မျက်စိတစ်ဆုံး။

မာရ်အောင်ရတနာစေတီဘုရားတည်ပြီးချိန် ၁၂၄၄ခုနှစ်မှာ သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး စုဖရားလတ်တို့ကိုယ်တိုင် ဘုရားပူဇော်ပွဲတော် ကျင်းပသည်။ သီပေါမင်းအလွန်နှစ်များမှာ အနီးဝန်းကျင်ရွာများ ဖြစ်သည့် ကန်ကောက် (၃)ရွာနှင့် ရဲမွန်တောင်၊ ရွှေဂဲပွားကျေးရွာများက ဆွမ်းကြီးလောင်းလှူပွဲ ပြုလုပ်သည်။ ညပိုင်းမှာကြည့်ချင်ပွဲ ဗလာဇာတ်ပွဲ ထည့်သွင်းကျင်းပသည်။ ရွာဘုရားပွဲအသွင်သာ ရှိခဲ့၏။

၁၉၉၂ ခုနှစ်နောက်ပိုင်းမှာ မန္တလေးမြို့ပြ တိုးချဲ့လာသည်။ မာရ်အောင်ရတနာစေတီတော်မှာ ချမ်းအေးသာစံမြို့နယ်ထဲ ရောက်သွား၏။ လယ်ကွင်းပြင်ကနေ လူနေရပ်ကွက်ကြီး ဖြစ်လာသည်။ ဘုရားပတ်လည်မှာ ဘုန်းတော်ကြီးကျောင်းတွေ ဝန်းရံနေပြီ။ ယခင်က လယ်ကွင်းပြင်မှာ ပျောက်သွားပြီး လူနေအိမ်ရပ်ကွက်တွေ ဖြစ်လာသည်။ ယခင် ကန်ကောက် (၃)ရွာက ပုသ်မ်ကြီးမြို့နယ်ထဲ မပါတော့။ ချမ်းအေးသာစံမြို့နယ်ထဲ ရောက်သွားသည်။ ရဲမွန်တောင်၊ ရွှေဂဲပွားရွာများက မဟာအောင်မြေမြို့နယ်ထဲ ပါသွားသည်။

ကန်ကောက်ရပ်ကွက်ကို ပြန်လည်သတ်မှတ်တော့ ကန်ကောက်ကြီး၊ ကန်ကောက်သစ်၊ ကန်ကောက်ဟောင်း၊ ရွှေယာဉ်မွန်၊ ယာဉ်ပျံ၊ ကျန်းမာရေးရပ်ကွက်တွေ ဖြစ်သွားသည်။ တိုးချဲ့ရပ်ကွက်တွေဖြစ်လာ၍ တိုက်တာနေအိမ်တွေ များလာသည်။ လူနေစိပ်လာသည်။ ဘုရားဝန်းကျင်မှာ မြို့ပြရပ်ကွက်ကြီး ဖြစ်လာသည်။ မာရ်အောင်ရတနာစေတီတော်မှာ ယခင်ကလို လယ်ကွင်းများအတွင်း ဝါခင်းကုန်းမြင့်ပေါ်က ဘုရားမဟုတ်တော့။ မြို့ပေါ်ရပ်ကွက်များထဲက ဘုရားဖြစ်သွားသည်။

အပိုင်း(၂) ဆက်လက်ဖတ်ရှုပါရန်…။

အောင်အောင်မြင့်

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/5454160d52/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:43 下午
下一篇 2月 23, 2022 2:45 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....