အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၂)

အပျိုစင်လေးများခင်းရသည့် ပန်းမွေ့ယာပူဇော်ပွဲ (၂)

အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၂)

မာရ်အောင်ရတနာစေတီဗုဒ္ဓပူဇနိယပွဲတော်မှာ ပဋ္ဌာန်းပူဇော်ပွဲ၊ သံဃာ့ဒါနဆွမ်းကြီလောင်းလှူပွဲ ညပိုင်းမန္တလေးဇာတ်ပွဲများဖြင့် ကျင်းပလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်တနှစ်ဘုရားပွဲမှာ ဇာတ်ပွဲမထည့်နိုင်။ သည်တော့ ဘုရားပွဲ စည်စည်ကားကားဖြစ်စေဖို့ ရပ်ကွက်အတွင်းမှ အပျိုစင်အမျိုးသမီးများသာ ပါဝင်သည့် ပန်းမွေ့ယာခင်းပွဲ ထည့်သွင်းရန် ရပ်ကွက်လူကြီးများက ဂေါပကအဖွဲ့အား အကြံပြုသည်။ တစ်ချို့က အစဉ်အလာမဟုတ်၍ မထည့်ချင်။ တစ်ချို့က တစ်နှစ်တော့ စမ်းထည့်ကြည့်တာပေါ့။ အဆင်ပြေရင် နောင်နှစ်တွေမှာပါ ပန်းမွေ့ယာခင်း ပူဇော်ပွဲထည့်မည် ဖြစ်လာသည်။ သည်လိုဖြင့် ရပ်ကွက်သူ အပျိုစင်အမျိုးသမီးငယ်များ ခင်းကျင်းပူဇော်သည့် ပန်းမွေ့ယာခင်းပွဲ စတင်ကျင်းပနိုင်ခြင်း ဖြစ်သည်။

မန္တလေးမြို့မှာ ပန်းမွေ့ယာခင်းပူဇော်ပွဲ ထည့်သွင်းကျင်းပသည့် ဘုရားပွဲက ဝါခင်းကုန်း မာရ်အောင်ရတနာစေတီတစ်ဆူတည်းသာ ရှိသည်။ ပန်းမွေ့ယာခင်းပွဲ၏ ထူးခြာချက်က ပန်းမွေ့ရာခင်းမည့် အမျိုးသမီးများသည် ကုမ္မာရီအမျိုးသမီးအရွယ် အပျိုစင်ဖြစ်ရမည်ဆိုသည့် သတ်မှတ်ချက်ပင်။ သည်အတွက် ဘုရားပွဲမတိုင်မီ သုံးလအလိုကပင် လိုက်ပါမည့် အပျိုစင်စာရင်းကို ရပ်ကွက်လူကြီးများ ကြိုတင်ကောက်ယူကြရသည်။ လူစာရင်းရပြီဆိုတာနှင့် ပန်းမွေ့ယာခင်းပွဲမှာ ဝတ်ဆင်ဖို့ တူညီဝတ်စုံအတွက် အရောင်ရွေး အဆင်ရွေးကာ ချုပ်ထည်ကြိုတင်အပ်ကြရပြီ။ ရှေးတုံးကတော့ တောင်မြို့ထည် (အမရပူရလက်ရက်ချည်ထည်)ပေါ့။ အခုတော့ ဆေးဆိုးပန်းရိုက်ချိတ်တွေ နေရာဝင်ယူလာပြီ။

အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၂)အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၂)အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၂)

ပန်းမွေ့ယာခင်းပူဇော်ပွဲကျင်းပသည့် တပို့တွဲလပြည့်ကျော် ၂ရက်နေ့ရောက်တော့ ၃၅ လမ်းမြောက်ဘက် မာရ်အောင်ရတနာဓာတုဃယ ဘုရားအဝင်လမ်းမကြီးမုခ်ဦးနေရာမှာ နေ့ခင်း တစ်နာရီလောက်ကတည်းက လူသွားလူလာ များနေပြီ။ မကြာပါ။ ရောင်စုံပန်းများစိုက်ထည့်ထားသည့် ငွေဖလားကိုပိုက် အမျိုးသမီးကလေးတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာသည်။ ရပ်ကွက်အလိုက်လာကြတာမို့ မြန်မာဝတ်စုံဆင်တူ၊ ပန်းဆင်တူ ပန်လာကြသည်။ ဖိနပ်ပါ ဆင်တူစီးထားလိုက်ကြသေး၏။ ပန်းမွေ့ယာပွဲမှာပါသည့် အပျိုစင်အမျိုးသမီးတွေက တစ်ရပ်ကွက်မှာ ၄၀ကျော် ၅၀ဝန်းကျင် ရှိမည်။ အပျိုခေါင်း ၁၀ယောက် ၁၅ယောက်အထိ အုပ်ချုပ်လိုက်ပါကြရဆိုကိုး။

ညနေ(၃)နာရီမှာ ၃၅လမ်းပေါ်ရှိ ပန်းမွေ့ယာခင်းအလှည့် ကုမ္မာရီအမျိုးသမီးအဖွဲ့တွေ တောင်ဘက်ဘုရားလမ်းမှ စေတီတော်ရင်ပြင်ပေါ်သို့ အလှည့်ဖြင့် စတင်ထွက်ခွာလာကြသည်။ စီတန်းလှည့်လည်ဖို့ ကြိုတင်မဲနိုက်ထားပြီးဖြစ်၍ အစီအစဉ်အတိုင်း အဖွဲ့လိုက်စီတန်းလမ်းလျှောက် ဘုရားအရောက်သွားကြရသည်။ ကန်ကောက်ကြီး၊ ကန်ကောက်ဟောင်း၊ ကန်ကောက်သစ်၊ ရွှေယာဉ်မွန်၊ ယာဉ်ပျံ၊ ကျန်းမာရေး၊ ရွှေဂဲပွား၊ ရဲမွန်တောင်ရပ်ကွက်များမှ ပန်းဖလားကိုင်အပျိုစင်အမျိုးသမီးများမှာ တူညီဝတ်စုံများဖြင့် မြန်မာဆန်တန် ဝတ်စားဆင်ယင်ထားကြသည်။ သူ့အရပ်ကိုယ့်အရပ် အပြိုင်အဆိုင်မို့  သူ့အလှကိုယ့်အလှ အပြိုင်အဆိုင် ဖြစ်နေကြတော့သည်။ လမ်းဘေး အလှည့်ကြည့် ပရိသတ်ကလည်း အပျိုစင်လေးတွေသာပါသည့်ပွဲမို့ အားပေးကြမ်းလှသည်။ လမ်းဘေးတစ်လျှောက် စည်လိုက်သမှ တိုးမပေါက်တော့။
အပျိုစင်လေးများခင်းရသည့်ပန်းမွေ့ယာပူဇော်ပွဲ (၂)
ပန်းမွေယာခင်းမည့် အပျိုစင်အမျိုးသမီးအဖွဲ့တွေမှာ ဘုရားရင်ပြင်ပေါ်ကို တောင်ဘက်အဝင်ပေါက်က မတက်။ ဘုရားအရှေ့ဘက်အထိသွားကြပြီးမှ အရှေ့ဘက်မုခ်ဦးလမ်းက တက်ကြသည်။ စေတီတော်ရင်ပြင်ပေါ်ရောက်တော့ ရပ်ကွက်အလိုက် ပန်းဖလား၊ ပန်းအိုး၊ ပန်းခြင်းကိုင်အမျိုးသမီးတွေ စေတီတော်ကို လက်ယာရစ်လှည့်လည်ကြရသည်။ အလှည့်ပြီးတာနှင့် ရပ်ကွက်အလိုက် သတ်မှတ်ပေးထားသော ဘုရားခြေတော်ရင်းနေရာမှာ ပန်းများဖြင့် ဗုဒ္ဓဝင်ရုပ်လုံးရုပ်ကြွများ၊ အလှဆင်ပန်းခင်း၊ ပန်းမွှေ့ယာများ၊ ပန်းကော်ဇောများ ခင်းကြသည်။

ကျယ်ပြန့်သည့် ဘုရားခြေတော်ရင်းရင်ပြင်တော်မှာ ရောင်စုံပန်းမွေ့ယာ၊ ရောင်စုံပန်းကော်ဇော၊ ရောင်စုံပန်းခင်းကြီးများ အံ့သြဘနန်းအဆန်းတကျယ် တစ်ပြိုင်တည်းပေါ်လာပြီ။ ညနေ ၆နာရီအချိန်မှာ ပန်းခင်းတာပြီးသည်။ ပန်းခင်းလှူသည့်အပျိုစင်လေးတွေမှာ ပျော်မဆုံး ရွှင်မဆုံး အပြုံးကိုယ်စီ။ ပန်းခင်းပူဇော်ပွဲပြီးပြီဖြစ်၍ စုပေါင်းဆုတောင်းကန်တော့ကြသည်။

မာရ်အောင်ရတနာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၂၄၄ ခုနှစ်မှစတင်ကျင်းပခဲ့ရာ ပန်းမွေ့ယာပွဲတော် ထည့်သွင်းကျင်းပနိုင်တာ ၇၅နှစ်ဝန်းကျင်ရှိပြီ။ ရောင်စုံပန်းအစစ်များဖြင့် ခင်းထားသည့်ပန်းမွေ့ယာကို ညပိုင်းမှာ မီးအလှဆင်ပေးထားသည်။ နေ့ခင်းပိုင်းမလာနိုင်သူများက ညပိုင်းမှာ ဘုရားဖူးလာကြရသည်။ ဘုရားခြေရင်းရင်ပြင်တော်ပေါ်က ပန်းမွေ့ယာများကိုကြည့်၍ ကြည်ညိုကြရပြန်သည်။ ညပိုင်းမှာ ဘုရားအနောက်ဘက်ကွင်းထဲတွင် ဈေးဆိုင်တန်းရှိသည်။ သည်ကွင်းထဲမှာပင် ဗလာဇာတ်ပွဲ ကပြဖျော်ဖြေသည်။

မန္တလေးမြို့အရှေ့ဘက်ဆုံးမှာ ကျင်းပသည့် မာန်အောင်ရတနာဘုရား ဗုဒ္ဓပူဇနိယပွဲတော်မှာ မူလဘုရားပွဲရပ်ကွက်များအပြင် အနီးဝန်းကျင်ရပ်ကွက်များကပါ လာရောက်ကြသဖြင့် ယနေ့အထိ မြို့ပွဲတော် ပွဲအသွင်ရှိနေပါသေးသည်။

  အောင်အောင်မြင့်

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/bcbc371a68/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:36 下午
下一篇 2月 23, 2022 2:39 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....