စာရေးဆရာအကြီးကိုကို နှင့်ခဏတာ

(၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုရ စာရေးဆရာအကြီးကိုကို နှင့်ခဏတာ

စာရေးဆရာအကြီးကိုကို နှင့်ခဏတာ

မြန်မာနိုင်ငံစာရေးဆရာအသင်း (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆု ရွေးချယ်ရေးအဖွဲ့သည် ပြိုင်ပွဲဝင်စာအုပ်များ ဖိတ်ခေါ်၍ အပြီးသတ်စိစစ်ရွေးချယ်ခဲ့ရာ ဝတ္ထုတိုပေါင်းချုပ်ဆုကို အကြီးကိုကို(ကသာ) ရေးသားသည့် “ပြိုပျက်ခဲ့သော သက္ကရာဇ်များ” (Anthology of Ruined Eras) ကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုကို စလင်းဘုန်းကျော် ရေးသားသည့် “နွေဦးအော်ပရာ ကဗျာများ” (Spring Opera Poems) ကလည်းကောင်း ဆုရရှိကြောင်း ဖေဖော်ဝါရီလ(၁၆)ရက်က ထုတ်ပြန်ကြေညာသည်။
စာရေးဆရာအကြီးကိုကို နှင့်ခဏတာ

မဲခေါင်စာပေဆုဝတ္ထုတိုပေါင်းချုပ်ဆုရရှိသူ စာရေးဆရာအကြီးကိုကို(ကသာ)နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။  ။ မဲခေါင်စာပေဆုရရှိတဲ့အပေါ် ဘယ်လိုခံစားရပါသလဲဆရာ။

ဖြေ။ ။ ကိုယ်ဖန်တီးထားတဲ့အရာတွေကို အသိအမှတ်ပြုတဲ့အတွက် ပြောမပြတတ်လောက်အောင် ဝမ်းသာပါတယ်။ စာအုပ်က ပြိုပျက်ခဲ့သော သက္ကရာဇ်များ ဆိုတဲ့အတိုင်း ကျွန်တော့်ဘဝဖြတ်သန်းမှုတွေ ကျွန်တော်ပြိုလဲခဲ့တဲ့ သက္ကရာဇ်တွေကို ထုဆစ်ထားတဲ့စာအုပ်ဖြစ်ပါတယ်။ ကိုယ်တွေ့ဇာတ်လမ်းတွေ အများဆုံး ရေးထားပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ ထုတ်ထားတာပါ။ အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ထုတ်ထားတာပါ။ ဇွန်လမှာ မြန်မာလိုတစ်အုပ်ထုတ်ခဲ့ပြီး တစ်လခြားလောက်မှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကို ပြန်ထုတ်ပါတယ်။ ဝတ္ထုတို ၁၅ပုဒ် ပါဝင်ပါတယ်။

မေး။ ။ ဆုရတဲ့စာအုပ်ဖန်တီးဖြစ်ပုံ ပြောပြပါအုံးဆရာ။
ဖြေ။ ။ ကျွန်တော်စာရေးရင် ကျွန်တော့်ပတ်ဝန်းကျင်က ဖြစ်ပျက်တဲ့အကြောင်းအရာဓမ္မစစ်တွေကို ရေးတာများတယ်။ ကိုယ်တွေ့တွေများတယ်။ ဖန်တီးပြီးရေးတာ ၂ပုဒ်လောက်ပါပါတယ်။ သို့သော် ဖြစ်ပျက်ဖြတ်သန်းခဲ့တဲ့အရာတွေအားလုံးကို ပုံဖော်လေ့ရှိတယ်။ စဖွင့်ဖွင့်ခြင်းဆိုရင် ကျောက်ကဲ ဆိုပြီး ကျွန်တော့်ဘဝနဲ့ ကျွန်တော့်အိမ်ထောင်ဖက်အကြောင်းကို ရေးထားတယ်။ ပန်းလိုက်မုဆိုး၊ မေမေ့သံစဥ်ချိုချိုအေး စသဖြင့် ကျွန်တော်ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော့်ဇာတ်လမ်းတွေ များပါတယ်။ အားအရဆုံးဝတ္ထုက ပန်းလိုက်မုဆိုးလို့ ပြောရမယ်ဗျ။ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ သူငယ်ချင်းတစ်ယောက်ကို အချိန်မီသတိရစေဖို့အတွက် ထုဆစ်ထားတာပါ။ အသက် ၆၀ပြည့်မှ အိမ်ထောင်ရေးဖောက်ပြန်မှုကနေ ငယ်လင်ငယ်မယားသားသမီးတွေနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေသွားလိုတဲ့စိတ်နဲ့ ပန်းလိုက်မုဆိုးကို ထုဆစ်ခြင်းဖြစ်ပါတယ်။
မေး။ ။ စာပေဆုရွေးချယ်ခံရတဲ့အပေါ် စာရေးဆရာ တစ်ယောက်အနေနဲ့ ဘာပြောချင်ပါသလဲဆရာ။
ဖြေ။ ။ စာရေးသူတစ်ယောက်ဟာ ဆုရဖို့ မရဖို့အတွက် ဖန်တီးတာမဟုတ်ဘူး။ ကိုယ်ရေးတဲ့စာကို ရွေးချယ်သူတွေရဲ့ နှလုံးသားနဲ့ရိုက်ခတ်ပြီး ထိမှန်တဲ့အချိန်မှာ ရွေးချယ်သွားတဲ့အတွက် အတိုင်းမသိ ပီတိဖြစ်တာပေါ့။ စာပေဆုဆိုတာက ကျွန်တော်တို့စာရေးဆရာတွေအတွက်ကတော့ အကယ်ဒမီတစ်မျိုးပါဘဲ။ အင်မတန်ပီတိ ဖြစ်နေပါတယ်။

မေး။ ။ အခုရတဲ့မဲခေါင်ဆုအပြင် အရင် စာပေဆုရခဲ့တာရှိရင် သိပါရစေဆရာ။
ဖြေ။ ။ ၂၀၁၇ ခုနှစ်က မြင်းမူစာပေဆု ရခဲ့ပါသေးတယ်။ ကလေးစာအုပ်ဆု ဆိုပြီး မြင်းမူမြို့နယ်ကနေပေးတဲ့ ဆုတစ်ဆုရပါတယ်။ နောက်ထပ် အဲဒီစာအုပ်ကိုပဲ ပခုက္ကူဦးအုန်းဖေစာပေဆု ထပ်ရပါတယ်။ သားနဲ့သမီးဖတ်ဖို့စာ ဆိုတဲ့စာအုပ်နဲ့ရတာပါ။ တစ်အုပ်တည်း ၂ကြိမ်ရခဲ့ပါတယ်။
မေး။ ။ ဆရာက စာကြည့်တိုက်လုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်ဆရာ။ အဲဒါနဲ့ပတ်သက်လို့ ဘာပြောချင်ပါသလဲဗျ။
ဖြေ။ ။ ကျွန်တော်က တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ နာဂ၊ ကချင် စသဖြင့်ဒေသတွေမှာ စာကြည့်တိုက်တွေ သွားဖွင့်ပေးတဲ့အတွက် ကချင်ပြည်နယ်အစိုးရက စာပေနဲ့ပတ်သက်ပြီး စာကြည့်တိုက်လုပ်ငန်းတွေကို တစ်နိုင်ငံလုံးမှာ အားတက်သရော လိုက်ဖွင့်ပေးလို့ဆိုပြီး လူမှုထူးချွန် ဒုတိယဆုကို ဇန်နဝါရီလ၁၀ရက်နေ့က ရခဲ့ပါတယ်။
ဆရာအကြီးကိုကို၏ အမည်ရင်းမှာ ဦးဇော်ဝင်းအောင်ဖြစ်ပြီး ၁၉၆၂ ခုဒီဇင်ဘာလ ၂၃ရက်နေ့တွင် အဖ ဦးအောင်ခင် အမိ ဒေါ်ကြင်နုတို့က စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းရွာကျေးရွာတွင် မွေးဖွားသည်။ လက်ရှိတွင် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ တာဝန်ယူကာ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာပေဖတ်ရှုမှုပြန့်ပွားရေး အတွက် ကြိုးစားဆောင်ရွက်လျက် ရှိသည်။ တိုးတက်သော ရွှေနိုင်ငံဆောက်လုပ်ရေးကုမ္ပဏီကို ထူထောင်၍ လမ်းတံတားအဆောက်အအုံများကို နိုင်ငံတော်မှတင်ဒါရယူ၍ ဆောက်လုပ်လျက်ရှိပြီး ဇနီး၊သားနှင့်သမီးတို့နှင့် အတူ အမှတ် ၂၅၇၊ အေးစေတီရပ်၊ မြစ်ကြီးနားမြို့တွင် နေထိုင်လျက်ရှိသည်။
ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ် (ယူနန်ပြည်နယ်)နိုင်ငံတို့ပါဝင်သည့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအတွက် ချီးမြှင့်မည့် (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျတာဝန်ယူရမည့် လာအိုနိုင်ငံ၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုရွေးချယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံစာရေးဆရာအသင်းက ထုတ်ပြန်ထားသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/24/e3a3042229/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:54 下午
下一篇 2月 28, 2022 1:42 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....