ဒေသထွက်ကုန်များ ထုတ်ပိုးမှုနှင့်ဆွဲဆောင်မှုရှိသည့် ထွက်ကုန်များဖြစ်ရန်လိုအပ်လျက်ရှိ
ဒေသထွက်ကုန်များအား ခရီးသွားဧည့်သည်များအနေဖြင့် သယ်ဆောင်ရလွယ်ကူပြီး ထုတ်ပိုးမှုနှင့် ဆွဲဆောင်မှုရှိသည့် ထုတ်ကုန်များဖြစ်ရန်လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦး ကပြောသည်။
“ဘယ်နေရာ ဘယ်ဒေသကိုရောက်ရောက် အဲဒီဒေသရဲ့ အမှတ်တရပစ္စည်းကို ဝယ်လေ့ရှိကြပါတယ်။ ဥပမာ မင်းကွန်းရောက်ပြီဆိုရင် ဘယ်ဟာကအမှတ်တရ ဒေသထွက်ကုန်ဖြစ်တယ်ဆိုတာကို အခုချိန်ကတည်းက ဒေသခံတွေအနေနဲ့ စီမံထားဖို့လိုမယ်။ မြန်မာနိုင်ငံမှာ ဒေသအလိုက် ထုတ်ကုန်တွေ အများကြီးရှိပါတယ်။ အဓိကက သယ်ဆောင်ရလွယ်ကူတဲ့ ထုတ်ပိုးမှု နဲ့ ဆွဲဆောင်မှုရှိတဲ့ ထုတ်ကုန်ဖြစ်ဖို့လိုပါတယ်။ ဒေသတစ်ခုရောက်ရင် ဘယ်သူမဆို ဒေသရဲ့အမှတ်တရကိုတော့ ယူသွားချင်တာဘဲလေ။ ဒေသမှာလည်း ခရီးသွားတွေအပေါ်က ဝင်ငွေရရှိသလို နောက်မှာ ဒီဒေသက ဒါလေးဝယ်လာခဲ့ပါဦးဆိုတဲ့ အမှတ်တရအပြောစကားတွေနဲ့အတူ ဒီနေရာကို နောက်တစ်ခေါက်ထပ်လာစေချင်တယ်” ဟု ဦးအောင်သူဦး ကပြောသည်။
အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ခရီးသွားလုပ်ငန်းကို ဖွံဖြိုးတိုးတက်ရန် တတ်နိုင်သလောက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် ဟိုတယ်တည်းခိုရိပ်သာ လုပ်ငန်းတစ်ခုတည်းက ရတာမဟုတ်ကြောင်း ဦးအောင်သူဦး ကဆိုသည်။
“ဧည့်သည်တစ်ယောက်လာရင် ဘာပဲပြောပြော အဲဒီဧည့်သည့်တစ်ယောက် သုံးသွားတဲ့ဝင်ငွေတွေက တည်းခိုနေထိုင်မှုမှာလည်း သုံးသွားတာဘဲ။ တည်းနေရင်းနဲ့ ဒေသထွက်အစားအစာတွေမှာ သုံးသလို ဒေသမှာရှိတဲ့ ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေကလည်း ဝင်ငွေရတာပါဘဲ။ ဘုရားပုထိုးစေတီကို သွားတဲ့အခါမှာလည်း အလှူငွေတွေရသလို ဒေသထွက်ပစ္စည်းအရောင်းဆိုင်တွေမှာလည်း ပစ္စည်းကိုကြိုပြီး သေချာလုပ်ထားမယ်ဆိုရင် ပိုရောင်းကြရတာကို တွေ့ရပါတယ်”ဟု ဦးအောင်သူဦး ကပြောသည်။
လုပ်ငန်းစုံကို ဝင်ငွေစီးဆင်းသွားသည့်အတွက် ခရီးသွားလုပ်ငန်းကို တက်ညီလက်ညီဖြင့် တဖြည်းဖြည်း ပူးပေါင်းဆောင်ရွက်သွားကြမည်ဆိုလျှင် ဝင်ငွေများအားလုံး ကောင်းမွန်လာပြီး အောင်မြင်တိုးတက်လာမည်ဟု ယူဆကြောင်း ဦးအောင်သူဦး ကသုံးသပ်ပြောကြားသည်။
စျာန်ထူးကို
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/28/4ceaf0fcc4/