စိန်တလုံးသရက် အသီးသီးချိန်နောက်ကျမည်

တရုတ်သို့အဓိကထားတင်ပို့သည့် စိန်တလုံးသရက်စိုက်ပျိုးရာ စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနယ် သရက်ခြံများ ပန်းပွင့်ချိန်နောက်ကျ၍ အသီးသီးချိန်နောက်ကျမည်

စိန်တလုံးသရက် အသီးသီးချိန်နောက်ကျမည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ သရက်ခြံများတွင် ပန်းပွင့်ချိန်ရက်(၂၀)ခန့် နောက်ကျသည့်အတွက် အသီးသီးချိန် နောက်ကျမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်လည်း သရက်သီးထွက်ရှိမှုက ပုံမှန်ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်သရက်ပန်းပွင့်တဲ့အချိန် နည်းနည်းနောက်ကျပါတယ်။ ယခင်နှစ်ပုံမှန်ချိန်ထက် ရက်(၂၀)လောက် နောက်ကျတဲ့အတွက် ယခင်နှစ်ထက်စာရင် အသီးသီးတာ (၂၀)နဲ့(၂၅)ရက်လောက် နောက်ကျမှာပါ” ဟု ကန့်ဘလူမြို့၊ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဥ်ခြံဦးစီးအရာရှိ ဦးသန်းထွန်းဦးကပြောသည်။

ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်း တောင်သူ(၁၀၀)ကျော်က သရက်စိုက်ဧက (၃၀၀၀)ကျော်တွင် အသီးအရည်အသွေးနှင့် အရသာအလွန်ကောင်းသည့်စိ န်တလုံးသရက်ကို အဓိကထား စိုက်ပျိုးကြပြီး မူဆယ်မှတဆင့် တရုတ်နိုင်ငံစျေးကွက်သို့ နှစ်စဥ် စိန်တလုံးသရက်သီးများ ရောင်းချနေရကြောင်း သိရသည်။

“အခုလောလောဆယ် သရက်ခြံတွေမှာ ပန်းဖြိုင်ဖြိုင်ပွင့်နေတဲ့အချိန်ပါ။ ပြီးခဲ့တဲ့၂နှစ်လောက်က ကိုဗစ်-၁၉ ကြောင့် မူဆယ်စျေးကွက်မှာ စျေးကွက်ကမောက်ကမ ဖြစ်တဲ့အတွက် တောင်သူတွေ စျေးကောင်းမရဘူး။ ထိခိုက်မှုရှိခဲ့တယ်။ ဒီနှစ်တော့ စျေးကွက်အလားအလာ ပြန်ကောင်းမယ်လို့ မျှော်လင့်နေပါတယ်။ GAP အသိအမှတ်ပြုလက်မှတ်ရတဲ့ သရက်သီးကို တရုတ်ကုန်သည်တွေက လိုချင်တယ်လို့ စကားသံတွေကြားလာရတဲ့အတွက် GAP နဲ့စိုက်တဲ့တောင်သူတွေအတွက် သတင်းကောင်းတစ်ခုပေါ့” ဟုဦးသန်းထွန်းဦး ကပြောသည်။

ကန့်ဘလူ၊ ကျွန်းလှဒေသမှာ သရက်ဧက(၃၀၀၀)ကျော်တွင် တောင်သူ(၂၇)ဦး၏ သရက်ဧက(၁၄၀၀) ကျော်သည် GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်နေခြင်းဖြစ်ပြီး (၂၀၂၂ )ခုနှစ်တွင်လည်း GAP အသိအမှတ်ပြုလက်မှတ်ရရန် လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

“အရင်နှစ်တွေက စင်ကာပူစျေးကွက်အထိ ချိတ်ဆက်ဆောင်ရွက်ထားပါတယ်။ ကန့်ဘလူက လင်းရောင်ဝင်း ကုမ္ပဏီက သရက်သီးအချို့ဆိုရင် စင်ကာပူအထိ ပို့ပေးခဲ့ပါတယ်။ အခုနှစ်တော့ ပြန်လည် ချိတ်ဆက်နေဆဲပါ။ ကိုဗစ်-၁၉ ကြောင့် တချို့အဆက်အသွယ်တွေ ပြတ်သွားတယ်။ စျေးကွက်အနေအထားက မူဆယ်စျေးကွက်ပေါ် မူတည်ပါတယ်”ဟု ဦးသန်းထွန်းဦး ကပြောသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/28/7f8fa6f618/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 24, 2022 6:25 上午
下一篇 3月 1, 2022 11:06 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....