တရုတ်ကဝယ်ယူမှုများခြင်းကြောင့်ရော်ဘာအမြင့်စျေးရ

တရုတ်နိုင်ငံက ဝယ်ယူမှုများခြင်းကြောင့် ရော်ဘာစျေး အမြင့်စျေးရရှိနေ

တရုတ်ကဝယ်ယူမှုများခြင်းကြောင့်ရော်ဘာအမြင့်စျေးရ

လက်ရှိ ဒေါ်လာစျေးမြင့်တက်နေခြင်းနှင့်အတူ တရုတ်နိုင်ငံက ဝယ်ယူမှုများခြင်းကြောင့် ပြည်တွင်းရော်ဘာစျေးမှာ အမြင့်စျေးတွင်ငြိမ်ကာ စျေးကောင်းရရှိနေကြောင်း သိရသည်။

 ပြည်ပလိုအပ်ချက်များရှိနေပြီး ဒေါ်လာစျေးမှာလည်း အမြင့်စျေးတွင် ရှိနေသောကြောင့် ရော်ဘာစျေးမှာ တစ်ထောင် အထက်တွင်သာရှိကြောင်း၊ ရော်ဘာစျေးမှာ ဒေါ်လာစျေးပေါ်မူတည်ပြီး ထပ်မံမြင့်တက်နိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ် ရော်ဘာခြံ ဖွင့်ချိန်ဖြင့်ယှဉ်ပါက စျေးနှုန်းအနေဖြင့် ထက်ဝက်နီးပါးခန့် မြင့်တက်နေကြောင်း လုပ်ငန်းရှင်များကပြောသည်။ ပြီးခဲ့သည့်နှစ်က ရော်ဘာရာသီတွင် ရော်ဘာ တစ်ပေါင်လျှင် ၇၅၀ ခန့် သာရှိခဲ့ပြီး ယခုနှစ် ရော်ဘာ တစ်ပေါင်လျှင် ၁,၁၇၀ ကျပ် ထိရှိနေခြင်းဖြစ်သည်။

“ကားတာယာ စက်ရုံများနဲ့ ဖိနပ် ထုတ်လုပ်ငန်းတွေ လည်ပတ်နေသ၍ ရော်ဘာတွေက လိုအပ်ချက်ရှိ နေဦးမှာပဲ။ ရော်ဘာကတော့ ထွက်သမျှ ရောင်းကုန်တယ်။ စျေးကွက်ကလည်း ခိုင်မာတယ်။ ပြည်တွင်းသုံးစွဲမှုက နည်းတယ်။ ပြည်ပတင်ပို့မှုက များတော့ ဒေါ်လာစျေး အတက်အကျ အပေါ်မှာပဲ မူတည်တယ်။ နောက်ပြီး နိုင်ငံတကာစျေးပေါ်မှာပဲ မူတည်တယ်။ ဒေါ်လာစျေး တက်နေတော့ ပြည်တွင်း ရော်ဘာစျေးက တစ်ထောင်အထက်မှ ရှိနေတယ်” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ကပြောသည်။

လက်ရှိ အချို့ဒေသများတွင် မိုးရွာသွန်းမှုများရှိနေသောကြောင့် ရော်ဘာခြစ်သည့် လုပ်ငန်းများ အခက်တွေ့နေကြောင်းလည်း သိရသည်။

“စျေးကကောင်းနေပြန်တော့ ရာသီဥတုအခြေအနေကြောင့် ရော်ဘာခြစ်လို့ အဆင်မပြေပြန်ဘူး။ နောက်ပြီး နိုင်ငံရေးအခြေအနေကြောင့် ရော်ဘာခြစ်တာ နားရတာတွေရှိတယ်။ ခြံစတင်ဖွင့်လှစ်ချိန်မှာ ခြံအလုပ်သမားရှားပါးတဲ့ အခက်ခဲတွေလဲရှိတယ်” ဟု ပဲခူးတိုင်းဒေသကြီးရော်ဘာ စိုက်ပျိုးသူတစ်ဦး ကပြောသည်။

လက်ရှိတွင် မြန်မာ့ရော်ဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျှက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများ ရှိကြောင်း ၊ အများဆုံးအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျှက်ရှိသည်။ လက်ရှိ နိုင်ငံတကာပေါက်စျေး တစ်တန်လျှင် ယခင်က ဒေါ်လာ ၁,၉၂၀ ဝန်းကျင်တွင်သာ ရှိခဲ့ပြီး လက်ရှိ ဒေါ်လာ ၂,၀၀၀ ကျော်အထိ ရှိနေကြောင်းသိရသည်။

“အခုထိ ပင်လယ်ရေကြောင်းကသွားတဲ့အခါမှာ ကွန်တိန်နာ ရက်ချိန်းရရှိမှု၊ ကွန်တိန်နာစျေးတွေ မြင့်တက်သွားတာတော့ ရှိနေတုန်းပဲ၊ လုပ်ငန်း ကြန့်ကြာတာတွေ ရှိနေတာပေါ့” ဟု ဦးခိုင်မြင့် ကပြောသည်။

ပြီးခဲ့သည့်နှစ်များတွင် ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့် တင်ပို့ထားပြီး ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် ပို၍တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

တစ်နိုင်ငံလုံးတွင် ရော်ဘာ စိုက်ဧက တစ်သန်းခြောက်သိန်း နှင့် လေးသောင်းကျော် ထိ ရှိပြီး ရော်ဘာအထွက်နှုန်းမှာ တစ်နှစ်နှင့်တစ်နှစ် အထွက်နှုန်းများလာကြောင်းသိရသည်။

ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိကာမိုးရာသီတွင် ရော်ဘာ လုပ်ငန်းများရပ်နားလျှက်ရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/28/8adedb32c3/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 24, 2022 6:25 上午
下一篇 3月 1, 2022 11:06 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....