နိုင်ငံခြားမှတင်သွင်းသည့် စားသုံးဆီစျေးနှုန်း (၄)ဆခန့်မြင့်တက်လာ
နိုင်ငံခြားမှတင်သွင်းသည့် စားသုံးဆီစျေးနှုန်း (၄)ဆခန့်မြင့်တက်သွားသည့်အတွက် ပြည်တွင်းထုတ် စားသုံးဆီ စားသုံးမှု မြင့်တက်လာကြောင်း မုံရွာမြို့နေ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ထံမှသိရသည်။
“နိုင်ငံခြားတင်သွင်းဆီက စျေးနှုန်း(၄) ဆလောက် တက်သွားတယ်။ ပြည်တွင်းထုတ်ဆီက စျေးအများကြီး တက်မသွားပါဘူး။ တက်သွားတဲ့အကြောင်းက နိုင်ငံခြားတင်သွင်းတဲ့စားသုံးဆီက လက်ရှိမူဝါဒအရ တင်သွင်းမှု(၃၅)ရာခိုင်နှုန်း လျော့ချလိုက်တယ်။ မြန်မာငွေတန်ဖိုးကလည်း လျော့ကျသွားတယ်။ နိုင်ငံခြားကတင်သွင်းတဲ့ဆီတွေရဲ့ ကမ္ဘာ့စျေးနှုန်းတွေကလည်း မြင့်တက်သွားတယ်။ အဲဒီအကြောင်း(၃)ရပ်ကြောင့် စျေး(၄)ဆတက်သွားတာပါ။ အရင်ကစားအုန်းဆီ တစ်တန်ကို ဒေါ်လာ(၅၀၀) ကျော်ရှိရာကနေ အခုဒေါ်လာ(၁၄၀၀)ကျော် (၁၅၀၀)နီးပါးအထိ တက်သွားတယ်။ ဆက်ပြီး စျေးနှုန်းတက်ဦးမယ်လို့ မှန်းထားတယ်”ဟု ဦးထွန်းထွန်းဦးကပြောသည်။
ပြည်တွင်းထွက် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီစျေးနှုန်းများသည် ပုံမှန်အနေအထားတွင်ရှိပြီး ပြည်တွင်းကုန်ကြမ်း စိုက်ပျိုးထုတ်လုပ်မှုကို လက်ရှိအနေအထားထက် ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လာကြောင်း သိရသည်။
“ပြည်တွင်းကုန်ကြမ်းဖြစ်တဲ့ စိုက်ပျိုးထုတ်လုပ်မှုကို လက်ရှိအနေအထားထက် ပိုစိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်လာတယ်။ အဲလိုမလုပ်နိုင်ရင် ပြည်တွင်းစားသုံးဆီစျေးကွက် မြင့်တက်လာနိုင်တယ်။ အဓိကက မြေပဲ၊ နှမ်းနဲ့ နေကြာကို အစိုးရက စီမံချက်ချပြီး ပိုမိုစိုက်ပျိုးထုတ်လုပ်ဖို့ ဆီထွက်သီးနှံတောင်သူကို အားပေးဖို့လိုတယ်။ ဒါမှသာ ပြည်တွင်းထုတ်လုပ်မှုလည်း မြင့်တက်လာနိုင်သလို ပြည်တွင်းစားသုံးဆီ စျေးနှုန်းတည်ငြိမ်မှာဖြစ်တယ်။ ဖူလုံမှာဖြစ်တယ်” ဟု ဦးထွန်းထွန်းဦးကပြောသည်။
ယခင်က ပြည်တွင်းဆီစားသုံးသည့်ပမာဏသည် (၂၅)ရာခိုင်နှုန်းခန့်ရှိရာမှ ယခုတွင် (၅၀)ရာခိုင်နှုန်းထိ ရှိလာပြီဟုမှန်းဆ၍ရကြောင်း ဦးထွန်းထွန်းဦးကဆိုသည်။
“စားသုံးသူကအဓိက စျေးနှုန်းချိုတာကို ရွေးချယ်စားသုံးတာပဲ။ မြန်မာနိုင်ငံက စားသုံးသူတွေရဲ့ ဓလေ့စရိုက်လို့ ပြောရင်ရတယ်။ ဘယ်ဆီက ဘယ်နေရာမှာ သင့်တော်တယ်ဆိုတဲ့ ရွေးချယ်စားသုံးတတ်တဲ့ အလေ့အထ နည်းတယ်။ စျေးချိုတာကိုပဲ ရှာစားကြတာများတယ်။ ဟိုတုန်းက နိုင်ငံခြားတင်သွင်းတဲ့ စားအုန်းဆီနဲ့ ပြည်တွင်းထုတ်ဆီတွေက စျေးနှုန်း(၄)ဆလောက်ကွာတယ်။ စျေးနည်းတဲ့ နိုင်ငံခြားတင်သွင်းတဲ့ စားအုန်းဆီကိုပဲ နေရာတိုင်းမှာသုံးခဲ့ကြတယ်။ အခုတော့ စျေးတူနည်းပါးဖြစ်သွားတဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီကို စားသုံးတဲ့သူ များလာတယ်။ ကျေးရွာတွေမှာလည်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်တဲ့ ဆီထွက်သီးနှံတွေကို ကိုယ့်ရွာမှာ ကိုယ်ကြိတ်ခွဲစားသုံးတဲ့ အလေ့အထတွေ များလာပြီ။ စားသုံးမှု ပမာဏသည် ထက်ဝက်ဆီလောက်ရှိလာပြီလို့ ပြောလို့ရပြီ”ဟု ဦးထွန်းထွန်းဦးကပြောသည်။
စျာန်ထူးကို
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/28/dbc5f135a7/