ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုနိုင်ပြီ
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို အသုံးပြုဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်မှ မတ်(၃) ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်၊ ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန် တို့အတွက်ရည်ရွယ်၍ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ဘဏ်စာရင်းဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခွင့်ပြုထားသည်။
ထိုသို့ဆောင်ရွက်ခွင့်ပြုသည့် (Designated Bank) များသည် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် အသိပေးတိုက်တွန်းထားသည်။
လက်ရှိအချိန်တွင် မြန်မာ-တရုတ်နယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်သုံးစွဲမှုကိုလည်း ခွင့်ပြုပေးထားပြီဖြစ်ရာ ကုန်သွယ်မှုတွင် ပိုမိုအဆင်ပြေကြောင်း ကုန်သည်များထံက သိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/06/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%98%e1%80%90%e1%80%ba-%e1%80%80/