ဝင်ငွေအနေအထားကြောင့် မုံရွာနှင့်နယ်များတွင် ရောင်းအားကောင်းစာအုပ် အတော်များများ အရောင်းကျနေကြောင်း သိရ
ရောင်းအားကောင်းစာအုပ် အတော်များများ အရောင်းကျသွားကြောင်း မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် နိုင်လင်းစာပေမှ ကိုရန်နိုင်လင်း ထံမှသိရသည်။
“စာအုပ်စျေးကွက်က အရောင်းကျသွားတယ်။ ရောင်းအားကောင်းစာအုပ် အတော်များများ အရောင်းကျသွားတယ်။ အဝယ်နည်းသွားတယ်။ အဓိက က လူငယ်စာဖတ်ပရိသတ် နည်းသွားတယ်။ လူလတ်ပိုင်းဖတ်တဲ့ ဘဝနေနည်းနဲ့ ပတ်သက်တာတွေ ပုံမှန်ရောင်းရတယ်။ ဝတ္ထုတိုတွေကတော့ ရောင်းအား တော်တော်ကျသွားတယ်။ အရင်ကထက် အရောင်းသိသိသာသာကျတယ်။ အရင် ၃-၄ အုပ်ဝယ်သူက အခုတစ်အုပ်ပဲဝယ်တော့တယ်။ ငွေပေါ်မူတည်တယ်။ စာအုပ်စျေးကလည်း ၅ထောင်အောက်မဆင်းတော့ သိပ်မဝယ်ကြတော့ဘူး။ ရှေ့အလားအလာက အခုပုံစံအတိုင်းဆို အရောင်းကျဦးမှာပါ။ နိုင်ငံရေးအနေအထား ပြည်သူတွေဝင်ငွေ အနေအထားကြောင့် စာအုပ်ဖက်လှည့်မှာ မဟုတ်ကြတော့ဘူး။ တခြားလိုတာဘက် လှည့်ဝယ်ကြတာတွေ့ရတယ်။ အရမ်းဝါသနာကြီးသူကလွဲလို့ သိပ်ပြီးဝယ်မယ်မထင်ဘူးဗျ”ဟု ကိုရန်နိုင်လင်း ကပြောသည်။
လူငယ်များစာဖတ်မှု အရေအတွက် လျော့ကောင်းလျော့သော်လည်း ဖတ်သည့်စာအုပ် အရည်အသွေးတက်လာသည်ကို တွေ့ရကြောင်း မုံရွာမြို့ ပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ပဲ့ကိုင်ရှင်ဆရာကြီး ဦးသာအောင် ကပြောသည်။
“လူငယ်တွေ အရင်ကထက်စာရင် စာဖတ်လျော့သွားတဲ့ သဘောရှိတယ်။ တခြားစာဖတ်တာထက် တခြားနေရာရောက်နေတာလည်း ပါချင်ပါမယ်။ အရေအတွက်က လျော့ကောင်း လျော့ပါမယ်။ ဒါပေမယ့် အရည်အသွေးက တက်လာတယ် ထင်ပါတယ်။ တချို့ကလေးတွေက ကျွန်တော်တို့ငယ်ငယ်ကထက် ပိုစာဖတ်လာတယ်။ စာဖတ်သူအရေအတွက်ကတော့ နည်းသွားဟန်တူတယ်။ အရင်ကနာမည်ကြီးတဲ့ စာအုပ်တွေ ပြန်ဖတ်လာတာတွေ့ရတယ်။ အများစုကတော့ ခေတ်ပြိုင်ကလောင်တွေ ဖတ်ကြဟန်တူတယ်။ ကောင်းတယ်လို့ ပြောရမှာပေါ့။ ကျွန်တော်တို့ စာဖတ်တယ်ဆိုတာတောင် သူတို့ခေတ်ကလောင်တွေ ကုန်အောင်မသိဘူးပေါ့။ ဘာပြောပြော လူငယ်တွေအနေနဲ့ သူဖြတ်သန်းတဲ့ခေတ်ကို ဖတ်တာကတော့ ကောင်းတယ်လို့ ပြောရမှာပေါ့”ဟု ဆရာကြီးဦးသာအောင် ကပြောသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/10/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba/