ပြောင်းစျေးကွက်အားကောင်းလာနိုင်ကြောင်းသုံးသပ်

Summary : မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းကို တရားဝင်တင်ပို့နိုင်ရန် ကုမ္ပဏီများအား ခေါ်ယူနေပြီဖြစ်ကာ မကြာခင် တရုတ်နိုင်ငံသို့ တင်ပို့နိုင်တော့မည်ဖြစ်ခြင်းကြောင့် ပြောင်းစျေးကွက် ပိုမိုအားကောင်းလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

တရုတ်နိုင်ငံသို့ တင်ပို့နိုင်တော့မည်ဖြစ်ခြင်းကြောင့် ပြောင်းစျေးကွက် ပိုမိုအားကောင်းလာနိုင်ကြောင်း ကုန်သည်များသုံးသပ်

ပြောင်းစျေးကွက်အားကောင်းလာနိုင်ကြောင်းသုံးသပ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းကို တရားဝင်တင်ပို့နိုင်ရန် ကုမ္ပဏီများအား ခေါ်ယူနေပြီဖြစ်ကာ မကြာခင် တရုတ်နိုင်ငံသို့ တင်ပို့နိုင်တော့မည်ဖြစ်ခြင်းကြောင့် ပြောင်းစျေးကွက် ပိုမိုအားကောင်းလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

“အရင်က တရုတ်တစ်ခုတည်းကို အားကိုးရောင်းခဲ့ရတာ အခု တခြားနိုင်ငံတွေပါ စျေးကွက်ရလာတယ်။ အခုလဲ တရုတ်နိုင်ငံကို တရားဝင် တင်ပို့နိုင်မယ်ဆိုတော့ ပိုကောင်းတယ်။ အိမ်နီးချင်းလဲဖြစ်တယ်။ logistic အရရော ပိုပြီးတော့ တွက်ခြေကိုက်နိုင်တယ်။ တရားဝင်တင်ပို့ဖို့ တင်ပြလာတဲ့ ကုမ္ပဏီတွေကို မြန်မြန်စစ်ဆေးပေးပြီး ၂၀၂၂အတွင်းမှ GACC နဲ့ တင်ပို့နိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေတယ်” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ ဦးမင်းခိုင် ကပြောသည်။

ထို့ကြောင့် ပြောင်းတောင်သူများ အနေဖြင့် ပြောင်းများကို စနစ်တကျစိုက်ပျိုးရန် ပိုမိုကောင်းသည့် စျေးကွက်များ ဦးစားပေးရောင်းချရန် အရည်အသွေးထိန်းရန် စသည့်အချက်များကို ပြင်ဆင်ထားသင့်ကြောင်း သိရသည်။

“သုံးစွဲအားကောင်းတဲ့ အိမ်နီးချင်းနိုင်ငံတွေရှိတဲ့အခါမှာ ဘယ်လောက်တိုးထုတ်နိုင်လဲဆိုတာ စျေးကွက်ပေါ်မှာ ဘယ်လောက် ဝေစုရရှိမှုပေါ် မူတည်တယ်။ ကမ္ဘာ့ပေါက်စျေးနဲ့ ယှဉ်ရောင်းနိုင်ပြီလား၊ စျေးကွက် စျေးနှုန်းကိုယှဉ်နိုင်ပြီလား၊ တခြားနိုင်ငံတွေရဲ့ထုတ်ကုန်များနဲ့ အရည်အသွေး ယှဉ်နိုင်ပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ထွက်သမျှပြောင်းက ဈေးကွက်အဝေးကြီး ရှာစရာမလိုဘူး။ အိမ်နီးနားချင်းနိုင်ငံ နဲ့ ဒေသတွင်းနိုင်ငံနဲ့တင် လုံလောက်ပါတယ်။ အရည်သွေးကိုထိန်းသိမ်းရမယ်။ တစ်ဧကရဲ့ ကုန်ကျစရိတ်ကို လျော့ချဖို့ လိုအပ်လာမယ်။ တစ်ဧကရဲ့ အထွက်နှုန်းကို တိုးလာအောင် ဆောင်ရွက်ဖို့လိုအပ်မယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ပြောင်းစျေးကွက်အားကောင်းလာနိုင်ကြောင်းသုံးသပ်
လက်ရှိမှာတော့ တိုးထုတ်ရန်ပြင်ဆင်ထားကြပြီး ပြောင်းကို တစ်နှစ်လျှင် တင်ပို့မှုမှ ၁ဘီလျံခန့် ရရှိနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။ ထို့အပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးမြင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်၊ ပြည်တွင်းငွေကြေးကို တိုးမြင့်စေရန် ရည်ရွယ်ကာ ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ဘတ်ငွေ နှင့် ကျပ်ငွေများကို တိုက်ရိုက်အသုံးပြုခွင့် ပေးလိုက်ကြောင်းသိရသည်။

လက်ရှိပြောင်းမှာ တစ်ပိဿာလျှင် ရန်ကုန်စျေး ၁,၀၂၀ ကျပ် နှင့် မြဝတီစျေး ၁,၀၇၀ ကျပ် ပေါက်စျေး ရှိနေပြီး ဈေးကောင်းရသည့်နှစ် ဖြစ်ကြောင်းသိရသည်။ တရုတ်နှင့် ထိုင်းအပြင် အခြားပြည်ပနိုင်ငံ များမှ ပြောင်းစေ့များအား ဝယ်ယူမှုမြင့်တက်နေသောကြောင့် ပြောင်းစျေးမြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။

ပြည်တွင်းအပြင် ပြည်ပနိုင်ငံများမှ ပြောင်းအထွက်နည်းနေပြီး လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်၍ ပြောင်းစျေးကွက်အနေဖြင့် ပိုမိုကောင်းသည့် အလားလာရှိနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

လက်ရှိ တိုင်းနှင့်ပြည်နယ် (၇)ခုတွင် ပြောင်းစိုက်ဧက ၁သိန်းခွဲဝန်းကျင်မှ နှစ်စဉ် တန်ချိန်(၃)သန်း အထိ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ယခင်က ကိုဗစ်ကာလတွင် ပြည်တွင်း၌ တန်ချိန် ၈သိန်း မှ ၁၀သိန်းကြား သုံးစွဲကာ ပြည်ပသို့ (၂)သန်းကျော် တင်ပို့ခဲ့ကြောင်းသိရပြီး ကိုဗစ်အလွန်ကာလတွင် ပြည်တွင်းသုံးစွဲမှုလျော့သွားကာ ၅သိန်းခန့်သာသုံးစွဲပြီး (၂.၅) သန်းကျော်သာ ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/10/%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 10, 2022 3:31 下午
下一篇 3月 10, 2022 3:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....