နာဂဒေသနှင့်ကိုက်ညီသည့် ငရုတ်သီးနှံကိုစီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ရန်ဆောင်ရွက်လျက်ရှိ
နာဂဒေသနှင့်ကိုက်ညီသည့် ငရုတ်သီးနှံကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ပြီး ကုန်ချောထုတ်ကာ ဒေသခံတောင်သူများ ဝင်ငွေတိုးတက်လာရန် ဆောင်ရွက်နေကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွှေလှံဗိုလ်နဲ့ ကုလားအော်ငရုတ်က စျေးကွက်ရှိတယ်။ ထုတ်လုပ်မှုက နည်းတယ်။ သူတို့စိုက်တဲ့နည်းစနစ်အတိုင်း တင်းတိမ် ရောင့်ရဲစွာနဲ့ စီးပွားဖြစ် မစိုက်ကြဘူး။ ကိုယ့်မိသားစုစားဖို့အတွက်သာ စိုက်ကြတာပါ။ နာဂဒေသထွက်ငရုတ်သီးက အမှာများတယ်။ အဲဒါကြောင့် နာဂဒေသမှာ ရွှေလှံဗိုလ်ငရုတ် များများစိုက်ပျိုးထုတ်လုပ်နိုင်အောင် လုပ်ငန်းရှင်ကြီးတွေဖိတ်ပြီး ငရုတ်သီးနှံ ထုတ်ကုန်ပြပွဲ ပြုလုပ်တာ ဖြစ်ပါတယ်”ဟု ဒေသတာဝန်ခံ ဦးသိန်းထွန်းတင် ကပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် ငရုတ်သီးနှံများဖြစ်သည့် ရွှေလှံဗိုလ်၊ ကုလားအော် စသည့်သီးနှံများအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်သည်မှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ထွက်ရှိလာသော သီးနှံများအား ကုန်ချောထုတ်လုပ်၍ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး ရည်ရွယ်၍ ငရုတ်သီးနှံပြပွဲ ကိုလဟယ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်ဦးစီးမှူးရုံးတွင် မတ်လ(၂၃) ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပကြောင်း သိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/27/%e1%80%94%e1%80%ac%e1%80%82%e1%80%92%e1%80%b1%e1%80%9e%e1%80%84%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%b6%e1%80%80%e1%80%ad%e1%80%af%e1%80%85%e1%80%ae/