ဖုန်ကန်ရာဇီတောင်တက်ခြင်း လေ့လာလေ့ကျင့်ရေးခရီးစဥ် ဒုတိယအကြိမ်သွားရန်စီစဥ်လျက်ရှိ
အမြင့်ပေ(၁၁၉၂၀)ရှိ ကချင်ပြည်နယ် ဖုန်ကန်ရာဇီတောင်တက်ခြင်း လေ့လာလေ့ကျင့်ရေးခရီးစဥ်ကို ဒုတိယအကြိမ်အဖြစ် ဧပြီလ ၉ရက်မှ ဧပြီလ ၁၅ ရက်အထိ သွားရောက်ကြရန် စီစဥ်ထားကြောင်း Spring Blossom Travel & Tour Co.,Ltd အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရွှေရွှေမြင့်ထံမှသိရသည်။
“ဖုန်ကန်ရာဇီရေခဲတောင်ခရီးစဥ်က လေ့လာရေးခရီးစဥ်အဖြစ် စီစဥ်ထားပါတယ်။ ဒေသခံခရီးသွားကုမ္ပဏီ ၃ခု ပူးပေါင်းပြီး ပူတာအိုဒေသမှာရှိတဲ့ ရေခဲတောင်လမ်းပြတွေ အထမ်းသမားတွေ အခြားခရီးသွားလုပ်ငန်း စိတ်ဝင်စားသူတွေကို ပညာဒါနအနေနဲ့ သင်တန်းတွေ ပေးနေပါတယ်။ အဓိကဧည့်သည်တွေလာရင် ဧည့်ဝန်ဆောင်မှု ဘယ်လိုလုပ်ရမလဲဆိုတာ သင်တန်းပေးနေတာပါ။ သူတို့က တောထဲမှာ လက်တွေ့လုပ်နေတော့ ကျွမ်းကျင်တယ်။ ဧည့်သည်ကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ အားနည်းတဲ့အတွက် ခရီးသွားဝန်ဆောင်မှု၊ ဧည့်ဝန်ဆောင်မှုသင်တန်းတွေ ပေးတယ်။ လက်တွေ့မှာ အတွေ့အကြုံရအောင် ရေခဲတောင်ကို လိုက်ပို့ပေးမှာ ဖြစ်ပါတယ်”ဟု ဒေါ်ရွှေရွှေမြင့် ကပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်မှ ၁၉ ရက်အထိ ပထမအကြိမ် ဖုန်ကန်ရာဇီတောင်တက်ခြင်း လေ့လာလေ့ကျင်းရေး အစီအစဥ်ကို ရန်ကုန်မှ ခရီးသွားလမ်းညွှန်များ၊ တောင်တက်လူငယ်များ၊ ခရီးသွားအသင်းဝင်များကို ဖိတ်ခေါ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
“ပထမအကြိမ်က ရန်ကုန်က ခရီးသွားဂိုက်တွေ၊ တောင်တက်လူငယ်တွေ၊ ခရီးသွားအသင်းတွေ ဖိတ်လိုက်ပြီး ရေခဲတောင်တက်ပြီးပါပြီ။ မတ်လ ၁၃ ရက်က ၁၉ရက်အထိ တက်ကြတာပါ။ ကျန်တဲ့ကလေးတွေကို သင်တန်းဆက်ပေးတယ်။ အခု ကချင်ပြည်နယ်မှာ ဟိုတယ်ခရီးဝန်ကြီးဌာနက နောက်တစ်ကြိမ် ထပ်လုပ်ဖို့စီစဥ်ခိုင်းတယ်။ ကလေးတွေကလည်း လက်တွေ့ လုပ်ဖို့ တောင်းဆိုလာတဲ့အတွက် ဒုတိယအကြိမ် စီစဥ်တာပါ” ဟုဒေါ်ရွှေရွှေမြင့် ကပြောသည်။
ဖုန်ကန်ရာဇီတောင်တက်ခရီးစဥ်တွင် လိုက်ပါလိုသည့် ခရီးသွားလုပ်ငန်းနယ်ပယ်မှ တစ်ဦးလျှင် ကျပ် ၄သိန်းနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်မှ မဟုတ်သည့် အပြင် ပုဂ္ဂိုလ်တဦးလျှင် ကျပ် ၅သိန်းနှုန်းဖြင့် လိုက်ပါနိုင်ရန် စီစဥ်ထားကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/02/%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%80%e1%80%94%e1%80%ba%e1%80%9b%e1%80%ac%e1%80%87%e1%80%ae%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9c%e1%80%b1%e1%80%b7%e1%80%9c%e1%80%ac%e1%80%9c/