မုံရွာမြို့နှင့်ဝန်းကျင်တွင် ဧပြီလ(၁၈)ရက် ညနေပိုင်းက လေပြင်းတိုက် မိုးသည်းခြင်းကြောင့် သစ်ပင်လဲ ခေါင်မိုးလန် အဆောက်အဦးပြိုကျခြင်းများဖြစ်ခဲ့
မုံရွာမြို့နှင့်ဝန်းကျင်တွင် ဧပြီလ(၁၈)ရက် ညနေ(၄)နာရီ(၁၅)မိနစ်ခန့်မှ (၆)နာရီခန့်အထိ လေပြင်းတိုက်၊ မိုးရွာကာ နေရာအချို့ မိုးသီးကျခြင်းများဖြစ်ခဲ့ရာ သစ်ပင်လဲကျ၊ ခေါင်မိုးလန်ကာ အဆောက်အဦးပြိုကျခြင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။
မုံရွာအရာတော်လမ်း(ကျောက်ကာလမ်း)မဘေးတွင်ရှိသော ဇလုပ်ဒေသ ဗဟိုစိုက်ပျိုးရေး သုတေသနခြံအတွင်း အဆောက်အဦးများ ပြိုကျ သစ်ပင်ပိ အမိုးလန်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။
“သံဖရိန်အဆောက်အဦး အကြီး(၂)လုံး ပြိုလဲတယ်။ အမိုးလန်၊ သစ်ပင်ပိတဲ့ အဆောက်အဦး(၅)လုံး ရှိတယ်။ ရွာတွေထဲက ကွမ်းခြံအတော်များများ ပြိုလဲကုန်တယ်။ မိုးသီးကျတာလဲကြီးတယ်။ လေရောမိုးရော အရှေ့ထဲကလာတာ။ ကွင်းပြင်ခြံကြီးဆိုတော့ လေတိုက်နှုန်း အရမ်းများတာပါ။ အချို့ကပြောကြတယ်။ လေဆင်နှာမောင်းတိုက်တဲ့ပုံစံမျိုး ဖြစ်သွားတာပါ။ ဓာတ်တိုင်တွေလည်းလဲတယ်။ ကျောက်ကာလမ်းတစ်လျှောက်လည်း အပင်ကြီးတွေလဲတယ်။ ကွက်ကြားဖြစ်သွားတာပါ။ မုံရွာမြို့ထဲတော့ မဖြစ်ဘူး”ဟု ဇလုပ်စိုက်ပျိုးရေးခြံမှ ကိုကျော်ထွေးအောင် ကပြောသည်။
လေပြင်းတိုက်ပြီး မိုးသည်းထန်ခြင်းကြောင့် မုံရွာမြို့ ချင်းတွင်းမြစ် တာရိုးဘေး သစ်ပင်အချို့နှင့် ကျောက်ကာလမ်းတစ်လျှောက် သစ်ပင်ကြီးသစ်ပင်ငယ်များ ပြိုလဲနေမှုများကို မုံရွာခရိုင်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ည(၁၂)နာရီအထိ သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၁၉) ခု ဧပြီလ(၁၈)ရက် ညနေပိုင်းကလည်း လေပြင်းတိုက်ခတ်၍ မုံရွာခရိုင် အရာတော်မြို့နယ် ဝါးတန်းကျေးရွာအုပ်စု အပါအဝင် ကျေးရွာ(၇)ရွာ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများနှင့် ဝက်လက်မြို့နယ်မှ ကျေးရွာ(၁)ရွာရှိ အိမ်ခြေ(၄၇၀)ခန့် ပျက်ဆီးခဲ့ကြောင်း သိရသည်။
စျာန်ထူးကို
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/20/58904027b6/