တောင်ခမ်းဈေးနေ့ (၁)

တောင်ခမ်းဈေးနေ့ (၁)

တောင်ခမ်းဈေးနေ့ (၁)

နောင်ချိုမြို့နယ်ထဲက ငါးရက်တစ်ဈေးရောင်းချသည့် ကံကြီးဈေးကို မနေ့က ရောက်ခဲ့ပြီးပြီ။ ကံကြီးဈေးနေ့နောက်တစ်ရက်က တောင်ခမ်းဈေးနေ့ ဖြစ်၏။ နောင်ချိုမြို့နယ်ထဲရောက်နေခိုက် တောင်ခမ်းဈေးနေ့နှင့် ကြုံကြိုက်သဖြင့် ယနေ့ တောင်ခမ်းဈေးကို သွားဖြစ်သည်။

 

တောင်ခမ်းက လားရှိုး၊ နောင်ချို၊ ရပ်စောက်၊ တောင်ကြီးသွားကားလမ်းမပေါ်က ရွာကြီးဖြစ်သည်။ နောင်ချိုမြို့နှင့် မိုင် ၂၀ကွာဝေး၏။ သည်လမ်းက လားရှိုး-တောင်ကြီးသွား လိုင်းကားယာဉ်ငယ်များ၊ ကုန်တင်ယာဉ်များ နေ့စဉ်ပြေးဆွဲနေပြီဖြစ်၍ ယာဉ်အသွားအလာများသည့်လမ်း ဖြစ်နေပေပြီ။

တောင်ခမ်းဈေးနေ့ (၁)

“နောင်ချိုမြို့နယ်က ဒုဋ္ဌဝတီတံတား(နောင်ချို)အထိ ပိုင်တာပါ။ ဒုဋ္ဌဝတီတံတားဟိုဘက်ကမ်းက ရပ်စောက်မြို့နယ်ပါ။ အရင်ကတည်းက လမ်းရှိခဲ့ပေမယ့် လမ်းကကျဉ်းတယ်။ လမ်းမကောင်းတာရယ် ဒုဋ္ဌဝတီမြစ်က ကားဖြတ်ဖို့မလွယ်လို့ မော်တော်ကားအသွားအလာ နည်းခဲ့တယ်။ ဒုဋ္ဌဝတီမြစ်ကူးတံတား ဆောက်ပြီးချိန်မှာ လမ်းတွေကောင်းလာတယ်။ အခုအထိတော့ တံတားအဆင်းလမ်းက ကျဉ်းနေသေးတယ်။ တစ်ဆစ်ချိုးကွေ့လည်း ရှိနေသေးတယ်။ ကားကြီးတွေသွားဖို့ အဆင်မပြေသေးပါဘူး။ အရင်က ရှမ်းပြည်မြောက်ပိုင်းမြို့တွေက တောင်ကြီးသွားချင်ရင် မန္တလေးအထိဆင်းပြီးမှ အသွားအလာ လုပ်နိုင်တယ်။ အခု နောင်ချိုတံတားကနေ ရှမ်းမြောက်နဲ့ ရှမ်းတောင် သွားလာနိုင်လို့ မော်တော်ကားတော့ အသွားအလာ များနေပါပြီ”

တောင်ခမ်းဈေးနေ့ကို ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးသည့် ဒေသခံလူငယ်က အသက် ၃၀ကျော်အရွယ်။ သူက နောင်ချိုကနေ ဆိုင်ကယ်ကယ်ရီပြေးဆွဲပေးနေသူ။ ရှေ့ကဆိုင်ကယ်မောင်းရင်း နောက်ကထိုင်လိုက်လာသည့် ကျွန်တော့ကို လမ်းအကြောင်းပြောပြသည်။ ကျွန်တော်က နောင်ချိုနှင့် ၈ မိုင်ဝေးသည့် ကံကြီးရွာအထိ ကံကြီးဈေးပတ်နေ့က ရောက်ခဲ့ပြီးပြီ။ ဆိုင်ကယ်ကယ်ရီပြေးဆွဲနေသူကို အကဲခပ်တော့ သူက သည်လမ်းကြောကို ကြေညက်နေအောင် သိထားဟန်တူပါသည်။

တောင်ခမ်းဈေးနေ့ (၁)

နောင်ချိုမြို့က မန္တလေး-လာရှိုးလမ်းမကြီးပေါ်တွင် ရှိသည်။ မန္တလေးတိုင်းဒေသကြီးအဆုံး ရှမ်းပြည်နယ်အဝင် နယ်စပ်မြို့ ဖြစ်သည်။ ဓနူတိုင်းရင်းသားများနေထိုင်ရာ မြို့နယ်ဖြစ်သည်။ နောင်ချိုကနေ ရပ်စောက်သွားသည့် ကတ္တရာလမ်းမှာ ကားအသွားအလာရှိနေသလို ဆိုင်ကယ်ခေတ်ဖြစ်၍ ဒေသတွင်းဆိုင်ကယ်စီးခရီးသွားတွေပါ အသွားအလာများနေပြီ။ နောင်ချိုမြို့အထွက်ကစပြီး လမ်းဘေးမှာ တစ်ထီးတစ်နန်းဖွင့်ထားသော စက်သုံးဆီအရောင်း ပန့်ဆိုင်ကြီးများကို မြင်ရုံဖြင့် ဒေသတွင်း ယာဉ်သွားလာမှုအခြေအနေ အကဲဖြတ်သိနိုင်ပါပြီ။

 

တောင်ခမ်းသွားလမ်းမှာ တောင်ကြောပေါ်တိုက်ခတ်သည့်လေက ရွက်စိမ်းရနံ့ပါသည်။ တောင်ပေါ်လေအေးဖြစ်၍ လတ်လတ်ဆတ်ဆတ် ရှိသည်။ လမ်းဘေးဝဲယာရှိ ရှမ်းကုန်းမြေမြင့် စားသုံးသီးနှံစိုက်ခင်းများမှာ အနိမ့်အဆင်းပြေပြေ။ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ပြောင်းဖူး၊ ပင်ထောင်ပဲ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ မြေပဲနှင့် ကြံစိုက်ခင်းများဖြစ်သည်။ အနက်ရောင်သန်းသော မြေသားစိုက်ခင်းများနှင့် ရှမ်းမောမြေသင်္ကေတ မြေနီများပေါ်က စိုက်ခင်းများမှာ ကန်သင်းရိုးကလေးသာ ခြားသည်။ မြင်ကွင်းက စိမ်းညို့နေသော ကတ္တီပါကော်ဇောကြီး ခင်းထားသည့်ပုံစံမျိုး။

လမ်းဘေးရွာများမှာ ရာသီဥတုပံ့ပိုးမှုကြောင့် စိုစိုစိမ်းစိမ်း ရှိသည်။ လမ်းတလျှောက်ဆိုင်ကယ်ပေါ်က မြင်တွေ့နေရသော စိုက်ခင်းစီးရိုတန်းတွင် မြစိမ်းရောင်တောနေကြာရိုင်းပင်များ မင်းမူနေသည်။ နေကြာရိုင်းပွင့်ချိန်ဖြစ်၍ လမ်းဘေးစည်းရိုးတန်းက အဝါရောင်အရိုင်းပန်းများ၏ အလှမှာ ရိုးရိုးနှင့် ယဉ်နေသည်။

 

တောင်ခမ်းဈေးနေ့ (၁)

 

“အခုတွေ့ရတဲ့ ကုန်စိမ်းတင်ကားတွေက မန္တလေးပို့ဖို့တင်နေတာ။ ဒီအချိန်က ကော်ဖီထုပ်နဲ့ ခရမ်းသီးအထွက်များချိန်ဆိုတော့ မန္တလေးပို့မယ့် ကုန်စိမ်းသည်တွေ ကိုယ်တိုင် စိုက်ခင်းတွေထဲအထိ အခင်းပြတ် ဆင်းဝယ်ပို့ကြတာ”

 

လမ်းဘေး စိုက်ခင်းများမှ ကော်ဖီထုပ်များကို ဒိုင်နာကားပေါ်တင်နေသည်။ ကားပေါ်တင်တာက ဖြစ်ကတတ်ဆန်းမဟုတ်။ အကြားအလပ်မရှိ စီထပ်တင်ထားခြင်းပင်။ ကုန်တင်သမားတွေက လုပ်ဖူးလုပ်စရှိသူများမို့ ကျွမ်းကျင်ရာလိမ္မာကြသည်။ ကုန်ချိန်များများ ဝင်ဆန့်အောင် သူတို့မို့ တင်တတ်ကြပါပေ့။ ဤ မြင်ကွင်းကိုကြည့်၍ ဆိုင်ကယ်ဆရာက ကျွန်တော့ကို ဒေသထွက်ကုန်စိမ်းများ ရောင်းဝယ်သည့်အခြေအနေ ပြောပြသည်။ ကျွန်တော်က ဆိုင်ကယ်ခေတ္တအရပ်ခိုင်းပြီး ဓာတ်ပုံရိုက်ယူဖြစ်သည်။ မုံလာထုပ်အခင်းပြတ်ဈေး မေးကြည့်တော့ ကုန်သည်အမျိုးသမီးက တစ်ထုပ် ၁၅၀ နဲ့ ဈေးဖြတ်ဝယ်တာ တဲ့။

တောင်ခမ်းဈေးနေ့ (၁)

“ဒီနေ့ကုန်တင်ပြီးတာနဲ့ မန္တလေးဆင်းမှာပါ။ မန္တလေးကြတော့ ဈေးချိုနားက ကုန်စိမ်းပွဲရုံပို့ရတာရှိတယ်။ တစ်ချို့က ၄၁လမ်း ကုန်စိမ်ဈေးမှာ လက်ကားရောင်းတယ်။ တဆင့်ပြန်ရောင်းမယ့် ဈေးသည်တွေက ကုန်စိမ်းကားဆိုက်တာနဲ့ လာဝယ်ကြတာ။ ကုန်စိမ်းကားဝင်တာနဲ့ ချက်ခြင်းကုန်သွားတာပါပဲ”

 

ကုန်စိမ်းသည်အမျိုးသမီးက စိတ်ရှည်လက်ရှည် ပြောပြသည်။ သည်နေရာမှာ မုံလာထုပ်တင်နေသည့် ကုန်စိမ်းတင်ကားက တစ်စီးတည်းမဟုတ်။ လမ်းဘေးဝဲယာမှာပင် လေးစီးတွေ့ရသည်။ နောင်ချိုမြို့နယ်မှာ ရှေးကတည်းက ငါးရက်တစ်ဈေးရောင်းချသော ကျေးလက်ဈေးကြီးတွေရှိသည်။ တောင်ခမ်းဈေးမှာ နောင်ချိုဈေးစဉ်ထဲက ငါးရက်တစ်ဈေးရောင်းချသည့် စာရင်းပေါက်အင်းပေါက်ဈေး ဖြစ်၏။ နောင်ချို ငါးရက် ဈေးစဉ်ပြက္ခဒိန်ထဲမှာ တောင်ခမ်းဈေးနေ့ဟု ထည့်သွင်းပုံနှိပ်ထားသော်လည်း တောင်ခမ်းရွာရှိ ဈေးအဝင်ဆိုင်းဘုတ်မှာ “နောင်ချိုမြို့နယ် စည်ပင်သာယာရေးကော်မတီ တောင်ရှည် တောင်ခမ်း ကျေးလက်ဈေး” ဟုရေးသားထားတာ တွေ့ရသည်။ အရပ်အခေါ်တောင်ခမ်းဈေးနေ့မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တောင်ရှည် တောင်ခမ်းဈေးအဖြစ် အသိအမှတ်ပြုထားသည်။ တောင်ရှည်နှင့် တောင်ခမ်းက ရွာခြင်းဆက်ဖြစ်နေ၍ နှစ်ရွာအမည်ရေးထားတာဖြစ်ပါလိမ့်မည်။

 

 

အပိုင်း(၂)ဆက်လက်ဖတ်ရှုပါရန်

 

အောင်မြင့်မြင့်

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/23/7e53f7f8e4/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 20, 2022 12:28 下午
下一篇 4月 25, 2022 3:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....