တောင်ခမ်းဈေးနေ့ (၂)

တောင်ခမ်းဈေးနေ့ (၂)

တောင်ခမ်းဈေးနေ့ (၂)

နောင်ချိုနယ်တွင် ငါးရက်တစ်ဈေးရောင်းချသော ဈေးများကို တနှစ်ပတ်လုံး ပြက္ခဒိန်ရက် သတ်မှတ်ပေးထားသည်။ ပြက္ခဒိန်ထဲမှာ ငါးရက်တစ်ဈေးရောင်းချရာတွင် ဈေးနေ့တိုက်ရောင်းချသည့် ဈေးများစာရင်းပါ တွေ့ရသည်။ တောင်ခမ်းဈေးနေ့ကို ကံကြီးဈေး၊ တောင်းခမ်းဈေး၊ နောင်ပိန်ဈေး၊ နောင်ချိုဈေးနှင့် ဘန့်ဘွေးဈေးနေ့ ဈေးစဉ်စာရင်းထဲမှာ အလှည့်ကျဈေးနေ့ သတ်မှတ်ထားသည်။

တောင်ခမ်းဈေးနေ့ (၂)

တောင်ခမ်းရွာက တောင်ရှည်ရွာနှင့်တစ်ဆက်တည်းဖြစ်နေသည့် လမ်းဘေးရွာကြီးပါ။ ကားလမ်းမကြီးက ရွာထဲမှ ဖြတ်သွားသဖြင့် လမ်းဘး ဝဲယာမှာ လူနေအိမ်များရှိသည်။ နောင်ချိုကနေ တောင်ခမ်းသွားတော့လမ်းမှာ နမ့်ဆောင်ဟူး၊ မျက်ချင်းနူ၊ နောင်သြ၊ သရက်ကုန်း၊ ကျောက်ဖျာဒိုး၊ ညောင်ပင်သာ၊ ကံကြီး၊ ရွှေမုဋ္ဌောရွာများ တွေ့ရသည်။ ရွာအားလုံးက လမ်းဘေးရွာ၊ လမ်းပေါ်ကရွာများ ဖြစ်၍ ရွာဆက်မပြတ်လှ။ လမ်းဘေးရွာတွေထဲမှာ လူအများစိတ်ဝင်စားသည့် ရွာတစ်ရွာရှိသည်။ မျက်ချင်းနူရွာ ဖြစ်၏။ မျက်ချင်းနူရွာ ဘုန်းတော်ကြီးကျောင်းဝင်းတွင် ဂဠုန် ဆရာစံ ပုန်းခိုခဲ့သည့် ပြာသာဒ်ဆောင်တစ်ဆောင် ရှိသည်။ သမိုင်းစိတ်ဝင်စားသူများ ဗဟုသုတရှာမှီးသူများ လာရောက်လေ့လာ ကြည့်ရှုသည့် သမိုင်းဝင်ရွာ ဖြစ်သည်။

တောင်ခမ်းဈေးနေ့ (၂)

တောင်ခမ်းဈေးက တောင်ခမ်းရွာတောင်ပိုင်း နောင်ချို ရပ်စောက်ကားလမ်းမကြီးအရှေ့ဘက် လမ်းဘေးမှာပါ။ တောင်ခမ်းဈေးလမ်းဘေးမျက်နှာစာတန်းမှာ တောင်ရှည်တောင်ခမ်းရွာက ဈေးဆိုင်တွေရှိသည်။ ဈေးမရောက်ခင် လမ်းဘေးမှာ သုံးဘီးဆိုင်ကယ်၊ ခွေးဘီလူး (ခေါ်) ဟိုက်ဂျက်ယာဉ်များပေါ်မှာ ရောင်းချနေသည့် ဈေးသည်များ တွေ့ရသည်။ ကားဖြင့်ရောင်းချသူများမှာ ဘေထုတ်အထည်နှင့် သစ်သီးသည်တွေ။ ဈေးပေါက်နားမှာ သုံးဘီးဆိုင်ကယ်ပေါ်တင်ရောင်းသည့် ဈေးသည်တွေက မွေးမြူရေးငါးရောင်းချသူတွေ။ ငါးကြင်းဖြူ၊ ငါးကြင်းနီ၊ ငါးအုံတုံနှင့် ငါးတန်ပါသည်။ ငါးတန်က တစ်ပိသာ သုံးထောင်။ ကျန်ငါးတွေက တစ်ပိသာ လေးထောင်။ ဘယ်ကလာရောင်းတာလဲလို့ မေးကြည့်တော့ မန္တလေးက – တဲ့။

တောင်ခမ်းဈေးနေ့ (၂)

 

ဈေးအပြင်ဘက်အဝင်လမ်းမတန်မှာ ခေတ်ပေါ် အမိုးပါ သံထည်လေးတိုင်စင်ဖြင့် ရောင်းချသည့် လမ်းဘေးဈေးသည်တွေ ရှိသည်။ ဆိုင်ချင်းဆက် ရောင်းချနေတာဖြစ်၍ အဝင်လမ်းတစ်လျှောက်မှာ ဈေးတန်းလေး ဖြစ်နေသည်။ ဈေးအဝင် ပင်မတံခါးပေါက်ကြီးပေါ်မှာ “နောင်ချိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တောင်ရှည် တောင်ခမ်းကျေးလက်ဈေး”စာသားပါ ဆိုင်းဘုတ်ကြီးတင်ထားသည်။

တောင်ခမ်းဈေးနေ့ (၂)

တောင်ခမ်းဈေးမှာ မနေ့ကရောက်ခဲ့သည့် ကံကြီးဈေးလို မြေပြင်ညီမဟုတ်ပါ။ လမ်းမတန်းကကြည့်လျှင် မြေပြင်ညီထင်ရသော်လည်း ဈေးအတွင်းသွပ်မိုးရုံကြီးများမှာ မြေနိမ့်ဆင်ခြေလျှောတွင် ဆောက်ထားသဖြင့် အနိမ့်အမြင့်ရှိသည်။ သွပ်မိုးရုံ အကြားမှာ ဈေးဝယ်များသွားလာနိုင်ရန် ကွန်ကရစ်လမ်း ခင်းပေးထားသည်။ မိုးရွာပါက ရေစီးရေလာကောင်းမွန်စေရန် ဈေးအတွင်း ရေမြောင်းများ ထည့်သွင်းဆောက်လုပ်ထားသဖြင့် ငါးရက်တစ်ဈေးရောင်းချသည့် ကျေးလက်ဈေးဆိုသော်လည်း စနစ်တကျရှိသည်။

တောင်ခမ်းဈေးဝင်းအကျယ်က ပေ ၃၀၀ ပတ်လည်ရှိမည်။ အတွင်းဆိုင်ခန်းအများစုမှာ အဝတ်အထည်၊ လူသုံးအိမ်သုံးကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့် တောင်ရှည်တောင်ခမ်းရွာမှ အမာခံဆိုင်များ ဖြစ်သည်။ ဈေးအတွင်းတောင်ဘက်ပိုင်းမှာ ကုန်စိမ်းသီးနှံအရောင်းဆိုင်တန်းဖြစ်သည်။ တောင်ခမ်း ငါးရက်တစ်ဈေးမှာ ကံကြီးနှင့် ၁၂မိုင်သာဝေးသဖြင့် ကံကြီးဈေးနေ့မှာရောင်းချသည့် ဈေးသည်အများစု လာရောက် ရောင်းချသည်။

“ကုန်စိမ်းဈေးသယ်တွေက မနက်အစောကြီး ရွာကနေ နွားလှည်းနဲ့လာကြတယ်။ ဈေးကားနဲ့ လာရောင်းတဲ့ ဈေးသည်လည်းရှိတယ်။ ဈေးသည်ဆိုပေမယ့် အများစုက ကိုယ့်စိုက်ခင်းကထွက်တဲ့ သီးနှံတွေ ရောင်းကြတာပါ”

 

 အပိုင်း(၃) ဆက်လက်ဖတ်ရှုပါရန်

 

အောင်မြင့်မြင့်

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/25/1ce26d5e95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 23, 2022 3:44 下午
下一篇 4月 27, 2022 3:26 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....