မုံရွာခရိုင်ရှိ စက်ရေတွင်း(၂၀)ကို ဆိုလာစနစ် အစားထိုးတပ်ဆင်အသုံးပြုမည်
မုံရွာခရိုင်အတွင်း မြေအောက်ရေ စက်ရေတွင်း(၁၄၁) တွင်းရှိသည့်အနက် စက်ရေတွင်း (၂၀)ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆိုလာစနစ် အစားထိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဦးချိုလတ် ကပြောသည်။
“လျှပ်စစ်စက်ဝိုင်း (၁)မှာ (၃) တွင်း၊ လျှပ်စစ်စက်ဝိုင်း (၂)မှာ (၃)တွင်း၊ လျှပ်စစ်စက်ဝိုင်း (၃) မှာ (၄)တွင်း၊ လျှပ်စစ်စက်ဝိုင်း (၄)မှာ (၈) တွင်း၊ သုနေသနခြံမှာ (၁) တွင်းနဲ့ တိုင်းဒေသကြီး မြေ၊မျိုး၊ပိုး ဓာတ်ခွဲခန်း ခြံဝန်းထဲမှာ (၁ တွင်း) စုစုပေါင်း စက်ရေတွင်း (၂၀) ကို ဆိုလာစနစ်နဲ့ အစားထိုးတပ်ဆင် အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဧပြီ ၂၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီက ကျင်းပသည့် မုံရွာခရိုင်အတွင်းရှိ မြေအောက်ရေတွင်းများအား ဆိုလာစနစ်ဖြင့် တပ်ဆင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မုံရွာခရိုင်အတွင်းရှိ မြေအောက်ရေ လျှပ်စစ် စက်ဝိုင်း ၄ ခုရှိသည့် အနက်တောင်သူများ အဓိက စိုက်ပျိုးသည့် သီးနှံများ ရေလိုအပ်ချိန်တွင် အချိန်မီရေပေးသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလျော့ချပြီး ဆိုလာစနစ်ဖြင့် အစားထိုးတပ်ဆင် အသုံးပြုရန်အတွက် စက်ရေတွင်း(၂၀) ကို အစည်းအဝေးတွင် အတည်ပြုရွေးချယ်ကြခြင်း ဖြစ်သည်။
စျာန်ထူးကို
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/25/5d869f0dbb/