တရုတ်နှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဗီဒီယို ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
တရုတ်နိုင်ငံ (ယူနန်ပြည်နယ်) နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဗီဒီယိုညှိနှိုင်းဆွေးနွေးပွဲအား ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲအား ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြည်ပရေးရာဌာန ဌာနမှူး Ms. Yang Mu မှကြီးမှူးကျင်းပခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Chen Chen ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဌာနမှူး Mr. Li Chenyang၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်တို့ တက်ရောက်ခဲ့ကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။
အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက်ကဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှုနှင့် နယ်စပ်ဂိတ်များဖွင့်လှစ်မှုစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ တရုတ်-မြန်မာက ကပ်ရောဂါအခက်အခဲကိုကျော်ဖြတ်၍ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး “ပိတ်ဆို့မှု” “အခက်အခဲ” “ပြဿနာ” များအတွက် အတူတကွ ဖြေရှင်းရေးနည်းလမ်းများရှာဖွေခဲ့ပြီး နောက်တစ်ဆင့်လုပ်ငန်းလားရာကို အတည်ပြုကာ တရုတ်-မြန်မာ “နှစ်နိုင်ငံလေးဘက်” ယန္တရားအား တစ်ဆင့်တိုး ကောင်းမွန်စွာအသုံးပြုခြင်း၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်ရရှိခဲ့သည်။
နှစ်ဦးနှစ်ဖက်က နယ်စပ်ဒေသ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ပြီး ကပ်ရောဂါနယ်စပ်ဖြတ်ကျော်ကူးစက်မှုအား တင်းကြပ်စွာကာကွယ်၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် အာမခံမှုပေးကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/29/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%8a%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%86/