ယခုနှစ်သရက်သီးရာသီအစတွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ အသီးတင်ပို့မှုဆိုင်ရာ အခက်အခဲအချို့ ပြေလျော့အောင် ဆောင်ရွက်နိုင်ခဲ့
ယခုနှစ်သရက်သီးရာသီအစ စိန်တလုံးသရက်သီးတင်ပို့ချိန်တွင် တရုတ်နိုင်ငံသို့ မူဆယ်ပွဲရုံများက စတင် တင်ပို့ခဲ့ရာ အသီးတင်ပို့မှုဆိုင်ရာ အခက်အခဲအချို့ပြေလျော့အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း မူဆယ်ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင် ကပြောသည်။
ယခုနှစ်တွင် ပွဲရုံများက တောင်သူများထံမှ အရည်အသွေးအရွယ်အစားအလိုက် ဈေးကောင်းပေးဝယ်ယူ တင်ပို့သွားကြမည်ဖြစ်သဖြင့် တောင်သူများအနေဖြင့် အသီးတင်ပို့ရာတွင် မူဆယ်ထိ လမ်းကြောင်းတစ်လျှောက် ကြန့်ကြာခြင်း၊ တစ်ဖက်နိုင်ငံသို့တင်ပို့ရာတွင် ပို့ကုန်ဆိုင်ရာအခွန်များ၊ ကားခများ၊ ပွဲခများကို ထည့်တွက်တင်ပို့ရန် မလိုတော့ဟု မူဆယ်ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင် ကဆက်လက်ပြောသည်။
“အကောင်းဆုံးအနေစီစဉ်ထားတာကတော့ အရင်နှစ်တွေက တောင်သူတွေက ပွဲရုံတွေကို အလုပ်အကြွေးပြုရတယ် ပြောကြသလို ဒီနှစ်တော့ ပွဲရုံတွေက တောင်သူတွေကို အလုပ်ကျွေးပြုမယ့်နှစ်လို့ ပြောပါရစေ။ ဆိုလိုတာက ပွဲရုံတွေက တောင်သူတွေ တင်ပို့တွေနဲ့ မနှစ်နာရအောင် သရက်ခြံထဲမှာပဲ ဈေးဖြတ် ဝယ်ပေးသွားပါမယ်။ မူဆယ်ကို ရောက်လာတဲ့အချိန် ပွဲရုံတွေက ချိန်ဆပြီး တင်ပို့မယ်။ ရှုံးတာမြတ်တာ ကိုယ်ဖာသာခံပြီး တရုတ်တင်ပို့မှု လုပ်ပေးမယ်။ ပွဲရုံတွေကတော့ အရင် အသီးတင်ပို့နေကြ ကိုယ့်တောင်သူတွေကို ခြံထဲမှာတင် ပေါက်ဈေးဖြတ်ဝယ်ပြီး တင်ပို့သွားမှာပါ။ အသီးတင်ပို့မှုမှာ ကြန့်ကြာတာတွေ ကုန်ကျစရိတ်တွေ အလေအလွင့်တွေ ပွဲခတွေကို ပွဲရုံတွေကခံပြီး တောင်သူကို အရည်အသွေးအလိုက် တောင်သူတွေ မနစ်နာမယ့်ဈေးကို ပေးဝယ်သွားမှာပါ။ စိန်တလုံးရာသီအပြီး ဟင်္သာ၊ ရင်ကွဲ သရက်သီးတွေကိုလည်း ဝယ်ပေးသွားမှာပါ” ဟု ၎င်းကပြောသည်။
စိန်တလုံးဈေးကွက်ကို ပထမဆုံးတင်ပို့အနေဖြင့် ဧပြီ ၃၀ရက်နေ့က တရုတ်နိုင်ငံဝမ်တိန်သို့ ကျင်စန်းကျော့ နယ်စပ်ပေါက်မှ တရုတ်ကားရှန်တိန်ဖြင့် စတင်ပို့ခဲ့ကြောင်း ပထမဆုံးတင်ပို့သည့် သရက်သီးခြင်းများအား ကိုဗစ်ဆေးဖြန်းရာတွင် များသွားပြီး အသီးအရည်အသွေး ကျဆင်းသွားကြောင်းသိရသည်။
ယင်းဖြစ်စဉ်ကို တရုတ်နိုင်ငံတာဝန်ရှိသူများက ပြန်လည်သုံးသပ်ကာ တရုတ်ဖက်နှင့် ညှိနှိုင်း အဆင်ပြေခဲ့သည်။ လက်ရှိ အသီးတင်ပို့ရာတွင် ရောဂါပိုးစစ်ဆေးမှုများနှင့် အကောက်ခွန်ရှင်းလင်းမှုများ၊ တရုတ်ကားချိန်းပြောင်းခြင်းများ အပါအဝင် ၃ ရက်ခန့်ကြာမြင့်ကြောင်းသိရသည်။
ယခုနှစ်အသီးပေါက်ဈေးမှာ အရည်အသွေးအလိုက် ၁၆ကီလိုတစ်ခြင်းလျှင် ယွမ် ၈၀-၁၀၀-၁၁၀ ခန့် ပေါက်ဈေးရှိပြီး ယွမ်ငွေအပြင်ပေါက်ဈေးမှာ တစ်ယွမ်လျှင် ၃၁၅ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/08/0379c3f137/