စိန်တလုံးသရက်သီးများကို မူဆယ်ပွဲရုံများမှ ခြံပြတ်ဈေးဝယ်ယူကာ တရုတ်သို့ တင်ပို့လျက်ရှိ
ပြည်တွင်းတောင်သူများမှာ တရုတ်နိုင်ငံဈေးကွက်သို့ ယခင်ကဲ့သို့ တိုက်ရိုက်တင်ပို့နိုင်ခြင်း မရှိတော့သော်လည်း မူဆယ်ပွဲရုံများမှ ခြံပြတ်ဈေးဝယ်ယူကာ တင်ပို့နေကြကြောင်း သိရသည်။
တရုတ်ဈေးကွက်နည်းတူ စင်ကာပူနိုင်ငံဈေးကွက်သို့ တင်ပို့ရန် အရည်အသွေးကောင်း သရက်သီးများ ရွေးချယ်ဝယ်ယူ တင်ပို့မှုများလည်းရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်မှာလည်း ယခင်နှစ်ထက် ဈေးပိုမိုရရှိနေကြာင်း၊ သို့သော်လည်း သရက်ခြံအများစုမှာ နှစ်နှစ်ဆက်တိုက် ဈေးကွက်ပျက် ဈေးကောင်းမရှိခဲ့တာကြောင့် ခြံပြုပြင်မှုနည်းပါးခြင်း၊ သွင်းအားစုသုံးစွဲမှု လျော့ချထားခြင်း၊ သရက်သီးအိတ်စွပ် အရေအတွက်လျော့နည်းခြင်းများကြောင့် ယခင်နှစ်ထက် သရက်သီးထွက်ရှိမှု လျော့ကျနေကြောင်း မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က သုံးသပ်ပြောကြားသည်။
“ဈေးကွက်က နှစ်နှစ်ဆက်တိုက် ဈေးကောင်းမရတော့ တောင်သူတွေ ခြံပြင်ဆင်မှု အားနည်းတယ်။ သွင်းအားစုဈေးတွေတက်တော့ လုပ်သားခ အိတ်ဈေးတွေ မြင့်တော့ ဒီအတိုင်း ပစ်ထားတာများတယ်။ အချို့လည်း အိတ်စွပ်ကြပါတယ်။ ဒါပေမယ့် ၅၀ရာခိုင်နှုန်းတောင် မပြည့်ချင်ဘူး။ ဒီနှစ်မှာတော့ အသီးအထွက်နည်းတော့ ဈေးကောင်းရကြပါတယ်။ ကုန်ကျစရိတ်တွေလည်းမြင့်တော့ တောင်သူတွေကတော့ ဈေးရတယ်ဆိုပေမယ့် ဒုန်းရင်းအတိုင်းပါပဲ။ လာမည့်နှစ်တွေမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ကောင်းရင်တော့ ဈေးကွက်မြင့်မားလာမှာပါ။ သရက်သီးဈေးကွက်က ဒီနှစ် ပြည်တွင်းကို ပြန်ရွေ့လာတဲ့ သဘောတော့ဖြစ်လာပြီ။ မူဆယ်ပွဲရုံတွေခြံတွေ အရောက်ဆင်းဝယ်သလို အခြားပို့ကုန်သမားတွေလည်း ဈေးမြင့်ပေးဝယ်လာပါတယ်။ ပို့ကုန်ဖြစ်ဖြစ် ပြည်တွင်းရောင်းရောင်း သရက်သီးကတော့ အိတ်စွပ်သီးမှပဲ ဈေးကောင်းရပါတယ်” ဟု၎င်းကပြောသည်။
ယခင်နှစ်နှစ်က သရက်သီးပေါ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု၊ နိုင်ငံရေးအပြောင်းအလဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဖြစ်ကာ သရက်သီးတင်ပို့မှု လျော့ကျခဲ့ပြီး ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချခဲ့ရသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ရာတွင်လည်း ယွမ်ငွေဈေးမြင့်တက်နေခြင်းကြောင့် တရုတ်နိုင်ငံဈေးကွက်တွင် စိန်တလုံးသရက်သီး ၁၆ကီလို တစ်ခြင်း ယွမ် ၁၀၀ကျော်၊ မြန်မာငွေ ကျပ် ၃၂၀၀၀ ခန့် ကြမ်းခင်းဈေးပေါက်ဈေးရှိကာ တောင်သူများ ဈေးကောင်းရရှိလာခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင်လည်း ၃၀၀-၃၅၀ ဂရမ်သရက်သီးတစ်လုံး ကျပ် ၆၀၀-၇၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/01bb96c1bb/