- 2022-06-05 10:56:00
- fitc Zanhtooko
ရွှေဘိုမြို့နယ်တွင် ရွှေဘိုပေါ်ဆန်းစပါးကို လျာထားဧက၏ (၈၆)ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး စိုက်ပျိုး
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် မိုးစပါးဧက(၁)သိန်း(၁)သောင်းကျော် စိုက်ပျိုးမည်ဖြစ်ရာ ရွှေဘိုပေါ်ဆန်းစပါးကို (၈၆)ရာခိုင်နှုန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်း ထံမှသိရသည်။
“၂၀၂၂-၂၃ ခုနှစ် မိုးစပါးစိုက်ရာသီမှာ ရွှေဘိုမြို့နယ်မှာ (၁၁၆၈၇၈) ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ မိုးစပါးစိုက်ဖို့အတွက် မျိုးသန့်ရရှိရေးအတွက် ခြံကနေ မျိုးသန့်ရောင်းချပေးတာတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဓိက ရွှေဘိုမြို့နယ်မှာ ဧရိယာအများဆုံးစိုက်တာက ပေါ်ဆန်းရင် လို့ခေါ်တဲ့ ရွှေဘိုပေါ်ဆန်းမျိုးကို စိုက်တာများပါတယ်။ ရွှေဘိုပေါ်ဆန်းမျိုးကောင်းမျိုးသန့်ရအောင် ဆောင်ရွက်နေပါတယ်။ လျာထားဧက ၁သိန်း၁သောင်းကျော်ရဲ့ (၈၆)ရာခိုင်နှုန်းကျော်က ရွှေဘိုပေါ်ဆန်းကို စိုက်တာပါ။ စိုက်ပျိုးရေက သဖန်းဆိပ်ဆည်ရေနဲ့ စိုက်တာပါ”ဟု ဒေါ်ဇာဇာမင်း ကပြောသည်။
ရွှေဘိုမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေဖြင့် မိုးစပါးစိုက်မည့်ကျေးရွာအုပ်စု(၃၉)စု၊ မိုးကောင်းသောက်အုပ်စု(၁၀)စု ရှိပြီး မိုးစပါးကို ဇူလိုင်လထဲတွင် ပျိုးထောင်ကာ ဒီဇင်ဘာနှင့် ဇန်နဝါရီလတွင် ရိတ်သိမ်းမည်ဖြစ်သည်။
ရွှေဘိုပေါ်ဆန်းသည် ရာသီစပါးဖြစ်သည့်အတွက် တစ်ဧကလျှင် တောင်သူတစ်ချို့က တင်း ၁၀၀ အထိ ထွက်အောင် ဆောင်ရွက်နိုင်သလို တချို့က တင်း ၈၀ ထွက်သည်။ ပျမ်းမျှတစ်ဧက(၈၃)တင်းထွက်ပြီး ရွှေဘိုမြို့နယ်တွင် တောင်သူဦးရေ(၂၀၀၀၀) ကျော်ရှိကြောင်း သိရသည်။
“မိုးစပါးအတွက် ဆည်ရေလွှတ်ပေးထားတာ ဆည်ရေဝင်ရောက်မှုကောင်းတဲ့အတွက် မိုးစပါးပျိုးထောင်ရေကို ဇူလိုင်လ ၁ ရက်နေ့မှာ စပေးမှာဖြစ်ပါတယ်။ ဒီနှစ်ဆည်ရေဝင်ရောက်မှု ကောင်းပါတယ်”ဟု ဒေါ်ဇာဇာမင်း ကပြောသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/05/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%98%e1%80%ad%e1%80%af%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%98%e1%80%ad%e1%80%af%e1%80%95%e1%80%b1%e1%80%ab%e1%80%ba/