ပြည်တွင်းသကြားလက်ကျန်လျော့နည်းခြင်းကြောင့် သကြားစျေးမြင့်မားနေ

Summary : ပြည်တွင်းလက်ကျန်သကြား လျော့နည်းလာခြင်းနှင့်အတူ သကြားစက်ရုံကြီးတစ်ချို့မှ သကြားရောင်းချမှုကို ထိန်းပြီး ရောင်းချလာသည့်အတွက် သကြားဈေး မြင့်တက်နေကြောင်း သိရသည်။

ပြည်တွင်းသကြားလက်ကျန်လျော့နည်းခြင်းကြောင့် သကြားစျေးမြင့်မားနေ

ပြည်တွင်းသကြားလက်ကျန်လျော့နည်းခြင်းကြောင့် သကြားစျေးမြင့်မားနေ

ပြည်တွင်းလက်ကျန်သကြား လျော့နည်းလာခြင်းနှင့်အတူ သကြားစက်ရုံကြီးတစ်ချို့မှ သကြားရောင်းချမှုကို ထိန်းပြီး ရောင်းချလာသည့်အတွက် သကြားဈေး မြင့်တက်နေကြောင်း သိရသည်။

ထို့အတူ ပြည်ပသို့တင်ပို့သည့် သကြားစျေးနှုန်းအတိုင်း ဆွဲတင်ရောင်းချလာသည့်အတွက် သကြားစျေးမှာ အမြင့်စျေးတွင်ရှိနေခြင်းဖြစ်ကြောင်းလည်း သကြားလုပ်ငန်းရှင်များထံမှသိရသည်။

လက်ရှိ မိုးအဝင်ကာလတွင် နှစ်စဉ်သကြားစျေးကွက်အေးသည့် ရာသီဖြစ်သော်လည်း ဒေါ်လာစျေး မြင့်တက်နေသည့်အတွက် သကြားစျေးအမြင့်စျေးတွင် ရှိနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

“သကြားစျေးက မြင့်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ၂,၁၅၀ ကျော်ထိ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဒီလောက်မရှိဘူး။ တစ်ပိဿာကို ၉၀၀ လောက်ပဲရှိတာ။ တစ်ဖြည်းဖြည်းနဲ့ စျေးကောင်းရလာတာပါ။ တောင်သူတွေအတွက်လဲ ဝမ်းသာရတယ်။ ပိုပြီးတော့လည်း စိုက်လာကြတယ်။ ပြည်တွင်းက ဂရိတ်ဝေါဝေမာက လောလောဆယ် ထုတ်မရောင်းဘူး၊ မရောင်းတော့ ရှိတဲ့ သကြားတွေကိုပဲ စျေးထိန်းပြီးရောင်းတော့ စျေးတွေကို ဆွဲတင်လို့ရတဲ့သဘောပေါ့။ နောက်ပြီး ပြည်ပကိုသွင်းတဲ့ သကြားစျေးနဲ့လဲ ချိန်ညှိရတော့ စျေးက မြင့်နေတာပေါ့” ဟု ၎င်းကပြောသည်။

ဂရိတ်ဝေါဝေမာမှ သကြားထုတ်ရောင်းမည်ဆိုပါက စျေးကွက်တည်ငြိမ်နိုင်မည်ဖြစ်‌သော်လည်း ပြည်တွင်းသကြားမှာ နည်းနေသည့်အတွက် စျေးထပ်တက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။ ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက အတက်စျေးတွင် ရှိနေခြင်းဖြစ်ကြောင်း သကြားကုန်သည်များက သုံးသပ်ပြောကြားထားသည်။

“မိုးတွင်းတော့ ပုံမှန်အေးလေ့ရှိတဲ့အတွက် သကြားစျေးကွက်ကတော့ အရောင်းအဝယ် နည်းနည်း အေးတယ်။ ကြံစျေးလည်း သူ့စျေးနဲ့သူ ကိုက်ညီမှုရှိပါတယ်။ စျေးရတယ်လို့ပြောလို့ရတယ်” ဟု သကြားလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချစိုက်ပျိုးခဲ့ခြင်းများလည်းရှိခဲ့ကာ ယခုနှစ်တွင် စျေးကောင်းရနေသည့်အတွက် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။

“ကြံစိုက်မယ်ဆို မျိုးချန်ရတယ်။ အခုနှစ်တော့ ပိုပြီးတော့စိုက်ရမယ်။ ဒီဇင်ဘာလလယ်မှ စတင်ကာ လက်ရှိအချိန်အထိ ကြံကြိတ်ဝါးတဲ့အချိန်ပေါ့။ စျေးက အရင်ကစာရင်တော့ စျေးရတယ်ပြောရမယ်။ ဒါပေမဲ့ မြေဩဇာ၊ ဓာတ်ဆီ အစရှိတဲ့ စိုက်စရိတ်ကလဲ မြင့်နေတာလဲ ထည့်တွက်ရမယ်” ဟု ကြံစိုက်တောင်သူ တစ်ဦးကပြောသည်။

ယခုနှစ် သကြားတန်ချိန် ၃သိန်း၇သောင်းကျော် ထွက်ရှိမည်ဖြစ်ပြီး ယခုနှစ် ကြံခုတ်ရာသီတွင် ကြံဝယ်စျေးမှာ ကြံတစ်တန်လျှင် ပျှမ်းမျှ ၆သောင်းခွဲအထိ ပေါက်စျေးရှိပြီး စက်ရုံရောက်စျေးအနေဖြင့် ခရီးဝေးပါက တစ်တန်ကို နှစ်ထောင်၊ သုံးထောင် ပေါင်းပေးကြောင်း သိရသည်။

လက်ရှိသကြားအား တရုတ်နိုင်ငံသို့ သကြားအရည်အဖြစ်တင်ပို့နေပြီး ဗီယမ်နမ်သို့ ပင်လယ်ရေကြောင်း မှတဆင့် ယခုနှစ်မှစ၍ တင်ပို့နေကြောင်းသိရသည်။ လက်ရှိ လုပ်ငန်းသုံးသကြားတင်သွင်းခြင်းတို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ၏ ခွင့်ပြုချက်ရယူပြီးမှ ကုန်သွယ်ရေးဦးစီးဌာနဖြင့် အကောက်ခွန်ဦးစီးဌာနတို့ထံ လျှောက်ထားရမည်ဖြစ်၍ ထိုင်းနိုင်ငံမှ တရားမဝင်သကြားများ ပြည်တွင်းသို့ဝင်ရောက်မှု နည်းလာနိုင်၍ သကြားစျေးကွက် အလားလာကောင်းလာနိုင်မည်ဖြစ်သည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/28/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%9c%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 28, 2022 10:18 下午
下一篇 6月 28, 2022 10:20 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....