မုံရွာမြို့ဆိပ်ကမ်း ချင်းတွင်းမြစ်အတွင်းရပ်ထားသော မော်တော် ၅ စီး မီးလောင်၊ ၄နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကမ်းနားလမ်း သလ္လာဝတီရပ် လှည်းဆိပ် ချင်းတွင်းမြစ်အတွင်း ရပ်တန့်ထားသော ဓာတ်ဆီနှင့်ဒီဇယ်ပေပါများတင်ဆောင်ထားသည့် မော်တော် အပါအဝင် မော်တော် ၅ စီး မီးလောင်မှုတစ်ခု ဇူလိုင်လ ၁၀ရက် နံနက် ၉နာရီက ဖြစ်ပွားခဲ့ရာ ၄နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အောင်ကျော်လွင်ကုန်တင်ရေယာဥ်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးစတင်လောင်သည့် အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး လှိုင်ဖြိုးသန့်ကုန်တင်ရေယာဥ်၊ ရွှေစင်အောင်ကုန်တင်ရေယာဥ်၊ အောင်ကျော်လွင်ကုန်တင်ရေယာဥ်၊ သန်းထိုက်အောင်ဖောင်ဆွဲရေယာဥ်၊ အောင်ကျော်မင်းစျေးမော်တော်နှင့် ဓာတ်ဆီနှင့်ဒီဇယ်ပေပါများ မီးလောင်ဆုံးရှုံးကြောင်း မုံရွာခရိုင်မီးသတ်တပ်ဖွဲ့မှထုတ်ပြန်ထားသည်။
“ဒီလောက်အကြာကြီးမီးလောင်တာ အခုပထမဆုံးကြုံရတာပါ။ ပေါက်ကွဲအားကလည်းကောင်းတော့ လာကြည့်သူတွေ မီးငြိမ်းသူတွေ ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်မိတယ်”ဟု မီးကူငြိမ်းပေးနေသူတစ်ဦး ကပြောသည်။
မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဥ် ၂၇ စီး၊ ရေသယ်ယာဥ် ၁၅ စီး၊ အုပ်ချုပ်မှုယာဥ် ၂စီး၊ အရန်မီးသတ်တပ်ဖွဲ့များမှ မီးငြိမ်းသတ်ယာဥ်အစီး၂၀၊ ရေသယ်ယာဥ်၅စီး၊ အင်အား၁၃၀ဦးတို့ပါဝင် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
“လောင်နေတဲ့မီး အနီးကအိမ်တွေမကူးအောင် မီးသတ်တပ်ဖွဲ့ဝင်တွေ ရေကြိုပက်ထားရတယ်။ လောင်စာဆီမီးဆိုတော့ ငြှိမ်းရခက် ငြှိမ်းရကြာတယ်”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စျာန်ထူးကို
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/11/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%80%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac/