လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး “သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးစေခြင်းစီမံကိန်း” ကနဦးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်း “သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ် ဖွံ့ဖြိုးစေခြင်းစီမံကိန်း” (Promoting Agroforestry as a Potential Strategy for Enhancing Livelihood Improvement of Communities under the Development of Community Forestry (FD-LMC) Project) ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်၌ ကျင်းပကြောင်း သိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ပြီး “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေးကို အမြဲတမ်း များစွာဂရုပြုပြီး တက်ကြွစွာ ပံ့ပို့ကူညီခဲ့ကြောင်း၊ “သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးစေခြင်းစီမံကိန်း” သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ ၂၀၂၁ ခုနှစ်တွင် ပံ့ပိုးပေးခဲ့သော စီမံကိန်းဖြစ်ပြီး လန်ချန်း-မဲခေါင်ဒေသတွင် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း ဖွံ့ဖြိုးတိုးတက်ရေးကို သရုပ်ပြ တွန်းအားပေးရန်၊ ကျေးလက်အသိုက်အဝန်းတွင် သစ်တောလွှမ်းခြုံမှုကို ထိန်းသိမ်းသည့်အပြင် ဝင်ငွေတိုးစေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် တွန်းအားပေးရန် ရည်ရွယ်ကြောင်း၊ ယခုစီမံကိန်းသည် စိမ်းလန်းစိုပြည်သော ဖွံ့ဖြိုးတိုးတက်မှုကို လိုက်နာမှုရှိသော၊ ဒေသနှင့်လိုက်လျောညီထွေသော၊ ပြည်သူလူထုကို အကျိုးပြုသော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး၏ ထူးခြားချက်များကို အပြည့်အဝထင်ဟပ်နေကြောင်း၊ သမ္မတကြီး Mr. Xi Jinping ပြောကြားသကဲ့သို့ပင် စိမ်းလန်းစိုပြည်သော တောတောင်ရေမြေသည် ရွှေတောင်၊ ငွေတောင်များ ဖြစ်ကြောင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းသည် ယူနန်၊ ကွမ်ရှီး စသည့် မဲခေါင်နိုင်ငံများနှင့် နီးကပ်လျက်ရှိသော ပြည်နယ်များအပါအဝင် တရုတ်နိုင်ငံ၏ ဒေသအများအပြား၌ အောင်မြင်သော အတွေ့အကြုံများစွာ ရရှိခဲ့ကြောင်း၊ မိမိတို့သည် မဲခေါင်နိုင်ငံအသီးသီးနှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း အတွေ့အကြုံများကို မျှဝေရန်နှင့် လန်ချန်း-မဲခေါင်ဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အတူမြှင့်တင်ရန် ဆန္ဒရှိကြောင်း” ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ ငွေကြေးထည့်ဝင်၍ ထူထောင်ထားသော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံအား အင်တိုက်အားတိုက် ပံ့ပိုးကူညီပေးသည့်အတွက် မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အဆိုပါစီမံကိန်းသည် လန်ချန်း-မဲခေါင် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာနှင့် အစိမ်းရောင် လန်ချန်း-မဲခေါင်စီမံကိန်းကို အကောင်အထည်ဖော်ရန် အထောက်အကူဖြစ်စေကြောင်း၊ စီမံကိန်းမှ လက်တွေ့အကျိုးရလဒ်များ ဖြစ်ထွန်းပြီး မြန်မာနိုင်ငံအားကူညီ၍ သီးနှံသစ်တောစိုက်ပျိုးရေးတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ကာ မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးပြီး လန်ချန်း-မဲခေါင်ဒေသ သစ်တောဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားကြောင်း သိရသည်။
မြသုခ
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/20/fd-lmc-project%e1%80%80%e1%80%94%e1%80%a6%e1%80%b8%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%af%e1%80%b6%e1%80%86%e1%80%bd%e1%80%b1%e1%80%b8%e1%80%94%e1%80%bd%e1%80%b1%e1%80%b8/