စိုက်ခင်းများ ကြွက်ကျရောက်မှုအန္တရာယ်ကြောင့် ပျက်စီးမှုမရှိရန် သတိပေးနှိုးဆော်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သီးနှံစိုက်ခင်းများတွင် ကြွက်ကျရောက်မှုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်ပျက်စီးမှုမရှိစေရေး တိုင်းသီးနှံကာကွယ်ရေးဌာနခွဲက သြဂုတ်လ ၁၉ ရက်နေ့တွင် နှိုးဆော်ချက်တစ်စောင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် အချက် ၆ ချက်ပါဝင်ပြီး ပတ်ဝန်းကျင်စပါးခင်းထက် စော၍စိုက်လျှင် သို့မဟုတ် နောက်ကျစိုက်လျှင် ကြွက်ဖျက်ဆီးခံရမှု ပိုမိုများနိုင်သည့်အတွက် ဘေးဝန်းကျင်စပါးခင်းများနှင့် စိုက်ချိန်ညီအောင်စိုက်ရန် လိုအပ်ကြောင်းသိရသည်။
ပေါင်းမြက်များသည် ကြွက်ခိုအောင်းရန်နေရာအပြင် မြက်သီးများသည် အစာရေစာအဖြစ် ထောက်ပံ့နိုင်သည့်အတွက် စိုက်ခင်းနှင့်ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းအောင် ရှင်းလင်းထားရမည်ဖြစ်ပြီး ကြွက်များမခိုအောင်းနိုင်ရန် လယ်ကန်သင်းများကို ၁ပေထက်ပိုမကျယ်စေရန် ထုတ်ပြန်အသိပေးထားသည်။
မြေကြွက်အမျိုးမျိုးကိုနှိမ်နင်းရန် ကြွက်မုဆိုးများ၏ အကူအညီရယူ၍ ကြွက်ဖမ်းခြင်း၊ ကြွက်ကျင်းတူး၍ ကြွက်ဖမ်းခြင်း ဆောင်ရွက်ရန်လိုသလို မြေကြွက်အမျိုးမျိုး၊ ကြွက်ဝမ်းဖြူ၊ ကြွက်ဖလောင်းများ နှိမ်နင်းနိုင်ရန် ပလတ်စတစ်၊ ငါးဖမ်းပိုက်ဟောင်း စသည့်ကြွက်ကာပစ္စည်းများ အသုံးပြုနိုင်ကြောင်း သိရသည်။
အရွယ်မရောက်သေးသည့် မြေကြွက်၊ ကြွက်ဝမ်းဖြူ၊ ကြွက်ဖလောင်းများကို နှိမ်နင်းနိုင်ရန် လင်ကောင်ပိုး၊ ဇီးကွက်၊ ကြောင်၊ ခွေး စသည့်ကြွက်တို့၏သားရဲကောင်များ မွေးမြူထားသင့်ပြီး မန္တလာ ၁ နှင့် ၂ ကြွက်ဆေးချခြင်းကိုလည်း ဆောင်ရွက်နိုင်ကြောင်းသိရသည်။
ကြွက်ကာကွယ်နှိမ်နင်းရေးဆောင်ရွက်ရာတွင် သားမပေါက်ခင်အချိန်တွင် လက်ဦးမှုရယူနှိမ်နင်းပါက နောင်တိုးပွားလာမည့် ၆၄ကောင်အား နှိမ်နင်းရာရောက်ပြီး ကြွက်ကာကွယ်နှိမ်နင်းရေးများကို စစိုက်ချိန်တွင်တစ်ကြိမ်၊ ပင်ပွားအများဆုံးထွက်ချိန်တွင်တစ်ကြိမ်၊ မဖြစ်မနေ ဆောင်ရွက်သင့်ကြောင်းထုတ်ပြန်ထားသည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/23/%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%9b%e1%80%b1/