တရုတ်ကြက်သွန်များ ပြန်လည်ဝင်ရောက်လာသည့်အတွက် မုံရွာကြက်သွန် စျေးကျ
ပြည်ပတရုတ်နိုင်ငံက ကြက်သွန်များ ပြန်လည်ဝင်ရောက်လာသည့်အတွက် မုံရွာကြက်သွန်စျေးမှာ ကျပ် ၃၀၀ မှ ၄၀၀ အကြား ကျသွားကြောင်း မုံရွာမြို့ ထန်းတောအောင်ရတနာရပ် အောင်မဟာလမ်းရှိ ဦးချော (KC ကြက်သွန်ပွဲရုံ) ထံမှသိရသည်။
“လက်ရှိ ကြက်သွန်နီစျေးကွက်က စက်တင်ဘာလ ဒုတိယပတ်မှာ စျေးကျလာတယ်။ ပြည်ပတရုတ်ကြက်သွန် ဝင်လာတဲ့အတွက် တစ်ပိသာ ၃၀၀နဲ့၄၀၀ကြားကျလာတယ်။ ဟိုရက်ပိုင်းကတော့ တစ်ပိသာ ၃၀၀၀ ဝယ်ရပြီး အခုရက်ပိုင်း အကျစျေးဆိုတော့ အဝယ်နားထားတယ်။ စက်တင်ဘာလဆန်းက ရန်ကုန်မှာ တစ်ပိသာ ၃၆၀၀၊ ၃၇၀၀ ရှိရာက အခု ၃၁၀၀၊ ၃၂၀၀ ဝန်းကျင်လောက်ပဲ ရှိတော့တယ်” ဟု ဦးချောကပြောသည်။
ကြက်သွန်နီကို မုံရွာနယ်အနေအထားအရ မုံရွာပတ်လည်ကျေးရွာများတွင် စိုက်ပျိုးကြရာ ယခုအချိန်သည် ကြက်သွန်ပါးသည့်အချိန်ဖြစ်ပြီး တောင်သူလက်ဝယ်တွင် ကြက်သွန်မကျန်တော့ပဲ အလှောင်သမားများ လက်ဝယ်၊ ဂိုဒေါင်သမားများလက်ဝယ်တွင်သာ ကြက်သွန်ကျန်တော့ကြောင်း သိရသည်။
“ရှေ့လျောက် ခန့်မှန်းရခက်တယ်။ စျေးကွက်ကောင်းရင် ပြည်ပကြက်သွန်တွေ ဝင်လာတာတွေရှိတယ်။ မြန်မာပြည်အနေအထားက စက်တင်ဘာလတစ်လပဲ စျေးကွက်အေးတတ်ပြီး အောက်တိုဘာလလောက်မှာ ပြန်ကောင်းနိုင်ပါတယ်။ လက်ရှိကုန်တွေကမရှိတော့ဘူး။ စျေးကွက်တက်နိုင်တယ်လို့ ခန့်မှန်းတာပေါ့။ နောက်ထပ်နိုဝင်ဘာလလယ်လောက်မှာ ကြက်သွန်ပေါ်ပြီး ဒီဇင်ဘာလဆန်းပိုင်းမှာ မိုးကြက်သွန်ရယ်၊ မြစ်သားရယ် လှိုင်လှိုင်ပေါ်မယ့်အနေအထားရှိတယ်။ နှစ်တိုင်းထက် ၁၅ ရက်၊ ရက် ၂၀ လောက်စောတယ်။ တောင်သူက ဝီရိယထား စောစိုက်ကြတယ်။ နိုဝင်ဘာလလယ်ဆိုရင် မြစ်သားကြက်သွန်၊ မိုးကြက်သွန် မြင်ရတော့မယ်။ ဒီဇင်ဘာဆိုရင် လှိုင်လှိုင်ပေါ်တော့မယ်လို့ မှန်းရတယ်။ ရာသီဥတုမဖျက်ရင်ပေါ့ဗျာ” ဟု ဦးချောကပြောသည်။
မုံရွာကြက်သွန်နီများကို မြဝတီ ထိုင်းလိုင်းမှတဆင့် ဗီယက်နမ်သို့ပို့ပြီး ရန်ကုန်၊ မော်လမြိုင်၊ တရုတ်၊ ဘင်္ဂလားစသည်ဒေသစုံသို့ ပို့ရာ လတ်တလော ထိုင်းလိုင်းမှဝယ်သည့်အတွက် မြဝတီပို့ရပြီး ရန်ကုန်နှင့်မော်လမြိုင်သို့လည်း ပို့နေရကြောင်းသိရသည်။
“လက်ရှိ တရုတ်ကလာတဲ့ ကြက်သွန်နီ စျေးကချိုတယ်။ ဗမာပြည်ကြက်သွန်စျေးက များနေတော့ ရန်ကုန်၊ မန္တလေးစျေးကွက်ကို တရုတ်ကနေ ဝင်လာတယ်။ တရုတ်ဝင်လာတော့ ဗမာကြက်သွန်စျေး ပြန်ကျတာပါ”ဟု ဦးချောကပြောသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/15/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%94%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9c/