ကလေးမြို့နယ်ရှိ မိုးစပါးစိုက်ခင်း(၅၀၆)ဧကတွင် ဖြုတ်ပိုးများကျရောက်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်ရှိ မိုးစပါးစိုက်ခင်း(၅၀၆)ဧကတွင် ဖြုတ်ပိုးများ ကျရောက်နေသဖြင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို စက်တင်ဘာလ(၂၀)ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ခရိုင်တာဝန်ခံတွေကို ပိုးမွှားကင်းထောက် ယူခိုင်းပါတယ်။ ကလေးမြို့နယ်ရဲ့ ကင်းထောက်မှတ်တမ်းကြည့်တဲ့အခါ စက်တင်ဘာလ ၁၉ ရက်က ဖြုတ်ပိုးတွေ မိုးစပါးဧက ၅၀၀ ကျော်မှာ ကျနေတယ်ဆိုတာ စာရင်းအရသိရပါတယ်။ မိုးစပါးစိုက်ခင်းတွေ ထိခိုက်မှုမရှိပါဘူး။ အချိန်မီကာကွယ်နှိမ်နင်းနိုင်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပြီးလဲဖြစ်တယ်။ သူတို့ကို လေ့ကျင့်ပညာသင်ပေးဖို့လိုမယ်ဆိုပြီး စက်တင်ဘာလ ၂၀ ရက် မနက်ပိုင်းက ကလေးခရိုင်၊ မြို့နယ်ဝန်ထမ်းတွေ၊ ပိုးကျတဲ့တောင်သူတွေကို Zoom နဲ့ ပညာပေး ဆွေးနွေးခဲ့ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင် ကပြောသည်။
စက်တင်ဘာလတွင် မိုးအုံ့ရက်များခြင်းကြောင့် ပိုးမွှားရောဂါ ကျရောက်နိုင်၍ စိုက်ခင်းပြုစုခြင်း၊ သဘာဝပိုးပြေးဆေးများ ဖျော်စပ် ပက်ဖြန်းခြင်း၊ ပိုးကျရောက်မှုများပါက သက်ဆိုင်ရာ စိုက်ပျိုးရေးရုံးနှင့် ဆက်သွယ် ဆောင်ရွက်ကြရန် တောင်သူများကိုနှိုးဆော်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ခင်းအချို့တွင်လည်း ဖြုတ်ပိုး အနည်းငယ်တွေ့ရှိရပြီး ထိခိုက်ပျက်စီးနိုင်မှုမရှိနိုင်ကြောင်း ခန္တီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/24/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%95%e1%80%ab%e1%80%b8%e1%80%85%e1%80%ad/