မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် ရပ်တည်နိုင်ရေး ဆောင်ရွက်လျက်ရှိ
မြန်မာ့ကော်ဖီကို ကမ္ဘာအရပ်ရပ်မှ ကုန်ကြမ်းအဖြစ်ဝယ်ယူပြီး ကုန်ချောထုတ်လုပ်ရောင်းချလာကြရာ အလားတူ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်၍ ကမ္ဘာ့ဈေးကွက်တွင် မြန်မာ Identity ဖြစ်လာစေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်ကပြောသည်။
မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် သဘာ၀ပေးအခြေအနေများကြောင့် ကမ္ဘာတန်းဝင် အဆင့်မြင့်ကော်ဖီကုန်ကြမ်း စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ကော်ဖီ ရပ်တည်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဟုဆိုသည်။
“ပြည်ပပို့ကုန်အစားထိုးတင်ပို့မှုမှာ ကော်ဖီဈေးကွက်ကြီးမားပြီး မြန်မာ့ကော်ဖီက ဈေးကွက်ဝယ်လိုအား ရှိနေတယ်။ ပြည်ပကသွင်းတဲ့ ကော်ဖီ ဈေးတက်လာတော့ ပြည်တွင်းကော်ဖီထုတ်လုပ်ရောင်းချသူတွေက ပြည်တွင်း ကော်ဖီကို သုံးစွဲလာကြတယ်။ ပို့ကုန်အစားထိုး ပြည်ပတင်ပို့မှုမှာ ကော်ဖီလုပ်ငန်းက အောင်မြင်မှုရလာလို့ အရည်အသွေးမြှင့် ထုတ်လုပ်ဖို့လိုတယ်”ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့် ကပြောသည်။
မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် မြန်မာနိုင်ငံထုတ်ကုန်အဖြစ် ရပ်တည်နိုင်ရေးမှာ ဖော်ဆောင်ရန်သာ အဓိက လိုအပ်နေပြီး မြန်မာနိုင်ငံကော်ဖီအသင်းမှ နည်းပညာနှင့်ဈေးကွက်ရှာဖွေရေးတို့တွင် ကူညီဆောင်ရွက်ပေးနေသကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူများ ညီညွတ်မှုရှိရေးနှင့် ဌာနဆိုင်ရာက ကူညီထောက်ပံ့ရေးတို့ လိုအပ်ကြောင်း သိရသည်။
“တခြားနိုင်ငံတွေက မြန်မာ့ကော်ဖီကုန်ကြမ်းကို ကုန်ချောထုတ်ပြီး ကမ္ဘာကို ဖြန့်နေကြတာ။ ကျနော်တို့မှာက ကုန်ကြမ်းရောင်းစားတဲ့ အဆင့် ဖြစ်နေတယ်။ ကုန်ချောထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်ဖို့နဲ့ ကမ္ဘာ့ဈေးကွက်မှာ ကိုယ့်မြန်မာရဲ့ကော်ဖီကို မြန်မာအမည် မပျောက်ဘဲ ကော်ဖီဈေးကွက်ဝေစုရဖို့ပါ”ဟု ဆက်လက်ပြောကြား သည်။
ပြည်တွင်း၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁၀၀၀၀ ဝန်းကျင်ထွက်ရှိပြီး ပြည်ပတင်ပို့မှုတွင် ၇၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယခုနှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်မြင့်မားလာသဖြင့် ပြည်တွင်းကော်ဖီများ ဈေးကောင်း ရရှိနိုင်မည်ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/18/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%96%e1%80%ae%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%b7/