အမျိုးသားစာပေဆုရ မဲခေါင်စာပေဆုရှင် ဆရာအကြီးကိုကို (ကသာ)နှင့်တွေ့ဆုံခြင်း

အမျိုးသားစာပေဆုရ မဲခေါင်စာပေဆုရှင် ဆရာအကြီးကိုကို (ကသာ)နှင့်တွေ့ဆုံခြင်း

အမျိုးသားစာပေဆုရ မဲခေါင်စာပေဆုရှင် ဆရာအကြီးကိုကို (ကသာ)နှင့်တွေ့ဆုံခြင်း

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို အောက်တိုဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ကြေငြာရာ လူငယ်စာပေဆုတွင် အကြီးကိုကိုစာအုပ်တိုက်ထုတ် အကြီးကိုကို(ကသာ) ရေးသားသည့် လူငယ်၁၀၀ မေးခွန်း၁၀၀ အဖြေ၁၀၀ စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။ မြစ်ကြီးနားမြို့တွင်နေထိုင်သည့် အမျိုးသားစာပေဆုရ ဆရာအကြီးကိုကို(ကသာ)ကို တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ အမျိုးသားစာပေဆု ရတဲ့အပေါ် ဆရာရဲ့ ပီတိစကားသံလေး ကြားပါရစေ။
ဖြေ။ ။ အမျိုးသားစာပေဆု ဆိုတာ စာရေးဆရာတွေ အတွက် ရုပ်ရှင်အနေနဲ့ပြောရရင် အကယ်ဒမီပါပဲ။ အမြင့်ဆုံးဆုဖြစ်တဲ့အတွက် ပြောမပြတတ်လောက်အောင် ဝမ်းသာပါတယ်။ တာဝန်လည်း ပိုကြီးလာတယ်လို့ ခံစားရပါတယ်။

မေး။ ။ အမျိုးသားစာပေဆုရစာအုပ် ဖြစ်ပေါ်လာပုံပြောပြပါဆရာ။
ဖြေ။ ။ လူငယ်၁၀၀၊ မေးခွန်း၁၀၀၊ အဖြေ၁၀၀ ဖြစ်ပေါ်လာတာ စေတနာကြောင့်ပါ။ စလုပ်တုန်းက စာအုပ်ရေးဖို့လုပ်တာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ကိုဗစ်ကြီးစဖြစ်တဲ့အချိန် တရုတ်နိုင်ငံဝူဟန်မှာ လူတွေလမ်းမပေါ်၊ လေယာဥ်စီးရင်း ရထားဘူတာရုံရှေ့တွေမှာ သေကြတယ်။ တစ်ကမ္ဘာလုံးကလူတွေ ဆောက်တည်ရာမရဘူး ဖြစ်နေတယ်။ အဲဒီအချိန် ကိုယ်ကိုယ်တိုင်လည်း စိတ်နှလုံးညှိုးနေတယ်။ ဘယ်အချိန်သေမလဲစောင့်ရင်း ပူပန်နေတယ်။ စိတ်ဖိစီးနေချိန် လူတွေအပူအေးအောင် ဘာလုပ်လို့ရမလဲ တွေးတယ်ဗျ။ ကျွန်တော်က သူများနဲ့မတူတဲ့ အတွေး တွေးပါတယ်။ ကိုယ်ကလည်း ဘုန်းကြီးလို တရားမဟောတတ်တော့ ငါစာရေးဆရာပဲ။ စာပေဟောပြောနေတာပဲ။ ကိုယ်ဟောနေတဲ့ စကားဝိုင်းတွေ လုပ်နေတဲ့အချိန်မှာ ကိုယ်လည်းအပူတစ်နာရီ ပြောတစ်နာရီလျော့မယ်။ နားထောင်တဲ့သူတွေလည်း အပူတွေလျော့မယ်ဆိုပြီး အဲဒီစိတ်နဲ့ လူငယ်စကားဝိုင်းအမှတ်၁ ကို စပါတယ်။ အဲလိုပြောရင်းပြောရင်းနဲ့ လူတွေကလည်းစိတ်ပါကြတယ်။ တစ်ရက်ကို နေ့၁၂နာရီတစ်ကြိမ်၊ ည၇နာရီမှာတစ်ကြိမ် လူငယ်တွေနဲ့ တစ်နာရီ နှစ်နာရီလောက် မေးခွန်းအမေး၊အဖြေတွေ လုပ်ပါတယ်။ အောင်မြင်တယ်ပြောရမှာပါ။ အဲဒီလူငယ်စကားဝိုင်း ၁၀၀ ကျော်ထဲက စိတ်ကြိုက်မေးခွန်း ၁၀၀ ထုတ်ပြီး မေးခွန်းတွေဖြေထားတာကို စာအုပ်ထုတ်လိုက်တာပါ။ အဲဒီစာအုပ်က ကျွန်တော်စေတနာအသီးအပွင့်တွေ ခံစားရတာပါ။ အမျိုးသားစာပေဆုရတဲ့အထိ ဖြစ်လာတယ်လို့ ပြောရမှာပါခင်ဗျ။

အမျိုးသားစာပေဆုရ မဲခေါင်စာပေဆုရှင် ဆရာအကြီးကိုကို (ကသာ)နှင့်တွေ့ဆုံခြင်း

မေး။ ။ လူငယ်တွေကို ဘာပြောချင်ပါသလဲဆရာ။
ဖြေ။ ။ လူငယ်တွေအနေနဲ့ အမှန်တရားကို ရှာဖွေတဲ့အချိန်မှာ စာအုပ်စာပေတွေ ဖတ်ရှုရှာဖွေပါလို့ ပြောချင်ပါတယ်။ ဘာလို့လည်းဆိုတော့ စာအုပ်စာပေထဲမှာ ဒါမှန်တယ်၊ ဒါမှားတယ်လို့ ရေးထားမှာ မဟုတ်ပါဘူး။ စာတွေများများဖတ်တဲ့သူက အမှားအမှန်ကိုသိနိုင်တဲ့ ဦးနှောက်ဆင်ခြင်တုံတရားတွေ ရရှိနိုင်ပါတယ်။ လောကဓံကြီးကိုခံနိုင်တဲ့ အရည်အချင်းတွေ အရည်အသွေးတွေရရှိတယ်။ ဘာတွေလုပ်ရမယ်၊ ဘာတွေမလုပ်ရဘူးဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပေးတဲ့အတွက် လူတိုင်းစာဖတ်ပါ။ ကိုယ့်အနာဂတ်၊ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးအလုပ်ပါဘဲလို့ ပြောချင်ပါတယ်။

မေး။ ။ လက်ရှိမှာ ဆရာအနေနဲ့ ဘာတွေလုပ်နေပါသလဲ။
ဖြေ။ ။ လက်ရှိလုပ်နေတာက စာပေဟောပြောပွဲတွေ ဖိတ်တယ်ဆိုရင် အမုန်းတရားမပါဘဲ လူငယ်နဲ့ နိုင်ငံတော်အတွက် အကျိုးရှိမယ့် စကားဝိုင်း၊ ဟောပြောပွဲတွေကို အမြဲတမ်းလုပ်ပါတယ်။ မည်သည့်အဖွဲ့အစည်းက ဖိတ်ကြားသည်ဖြစ်စေ ကိုယ့်နိုင်ငံကလူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းမှားမရောက်ဖို့ဆိုရင် အမြဲတမ်းလိုက်ပြီး ပြောနေဟောနေပါတယ်။ နောက်ထပ် အကြီးကိုကို စာကြည့်တိုက်အမှတ် ၁၃ကို ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာမှာ တဖက်နိုင်ငံယဥ်ကျေးမှုလွှမ်းမိုးသွားပြီး ဇာတိသွေး ဇာတိမာန်တွေ ကျဆင်းမှာစိုးမိတဲ့အတွက် စာကြည့်တိုက်ကို အမြန်ဆုံးဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။

အမျိုးသားစာပေဆုရ ဆရာအကြီးကိုကိုသည် ၂၀၁၇ ခုနှစ်က ပခုက္ကူဦးအုံးဖေ စာပေဆုရခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အကြီးကိုကိုစာကြည့်တိုက်များ ဖွင့်ခဲ့သည့်အတွက် လူမှုထူးချွန်ဆုရခဲ့သလို ထိုနှစ်ထဲမှာပင် လာအိုနိုင်ငံကို သွားယူရမည့် မဲခေါင်စာပေ၊ ယခု ၂၀၂၂ ခုနှစ်ထဲတွင် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့သည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/01/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%95%e1%80%b1%e1%80%86%e1%80%af%e1%80%9b-%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 1, 2022 9:46 下午
下一篇 11月 1, 2022 9:48 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....