တရုတ်နိုင်ငံမှကြီးမှူးဖွင့်လှစ်ပေးသည့် မြန်မာနိုင်ငံ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးသင်တန်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ သင်တန်းသား ၁၂ ဦး တက်ရောက်
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး ယူနန်ရဲအရာရှိအကယ်ဒမီမှ တာဝန်ခံကျင်းပသည့် မြန်မာနိုင်ငံ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးသင်တန်းကို အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်ရာ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ သင်တန်းသား ၁၂ ဦး တက်ရောက်ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနား အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်၍ အမှာစကားပြောကြားခဲ့ရာ ဆိုက်ဘာမှုခင်းများသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုနှင့် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေပြီး နိုင်ငံအသီးသီးမှ အတူရင်ဆိုင်နေရသော ပြင်းထန်သည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေပြီး နှစ်နိုင်ငံအကြား နယ်နိမိတ်မျဉ်းအရှည် ကီလိုမီတာ ၂၀၀၀ ကျော်ရှိရာ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် များစွာလိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးနယ်ပယ်၌ လက်တွေ့ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းမှာ ၅ ရက်ကြာမြင့်မည်ဖြစ်ပြီး ဆိုက်ဘာမှုခင်း ပြစ်မှုကျူးလွန်မှုပုံစံများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း၊ နိုင်ငံတကာဆိုက်ဘာမှုခင်းများကို တိုက်ဖျက်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ စသည့်သင်ခန်းစာများ ပါဝင်ကြောင်း သိရသည်။
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/01/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%be%e1%80%b0%e1%80%b8/