ဝယ်ယူမှုများလာခြင်းကြောင့်စပါးဈေးမြင့်တက်လာ

စပါးသိုလှောင်ရန် ဝယ်ယူမှု များလာခြင်းကြောင့် ယခင်လကထက် စပါးဈေးမြင့်တက်လာ

ဝယ်ယူမှုများလာခြင်းကြောင့်စပါးဈေးမြင့်တက်လာ

ပြည်တွင်း၌ စပါးသိုလှောင်သည့် ရာသီချိန်ဖြစ်ပြီး စပါးအထွက်နှုန်းကျဆင်းနိုင်သည်ဟု ခန့်မှန်းကာ လှောင်လက်များ၊ ဆန်စက်များက အပြိုင်ဝယ်ယူကြခြင်းကြောင့် နိုဝင်ဘာပထမပတ်တွင် စပါးဈေးမှာ ယခင်လကထက် ဈေးမြင့်တက်လာကြောင်း စပါးဈေးကွက်မှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလက စပါးတင်း ၁၀၀ လျှင် ပျမ်းမျှကျပ် ၉၀၀,၀၀၀-၁,၁၀၀.၀၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာက လက်ရှိတွင် ငွေကျပ် ၁,၂၀၀,၀၀၀ မှ ၁,၅၀၀,၀၀၀ ဝန်းကျင်ထိ ရှိလာသည်ဟုဆိုသည်။

“လှောင်လက်တွေ အဝယ်များလာတယ်။ အရောင်းအဝယ်သဘောအရ ဝယ်လိုအားများရင် ဈေးမြင့်လာတာပဲ။ တချို့တောင်သူတွေဆိုရင် ထွက်တဲ့စပါးရဲ့ တစ်ဝက်နီပါးလောက်ရောင်းပြီး ကုန်ပြီ။ သူတို့လက်ထဲ  ကြာကြာ မထားနိုင်ကြဘူး။ စပါးဈေးတက်မှ တောင်သူတွေ ကုန်ကျတဲ့ စိုက်ပျိုးစရိတ်ကို ကာမိမယ်”ဟု စပါးကုန်သည်တစ်ဦး ကပြောသည်။

နိုဝင်ဘာ ပထမအပတ်တွင် စပါးဈေးတင်း ၁၀၀ ပေါက်ဈေးများမှာ မနောသုခ (၁,၂၅၀,၀၀၀)ကျပ်ဝန်းကျင်၊ ဆင်းသုခ(၁,၃၀၀,၀၀၀)ကျပ်ဝန်းကျင်၊ ပေါ်ဆန်း(၁,၄၅၀,၀၀၀)ကျပ်ဝန်းကျင်၊ တောင်ပျံ(၁,၅၀၀,၀၀၀)ကျပ်ဖြစ်ပြီး၊ အခြားသော စပါးများမှာလည်း ယခင်လထက် ဈေးနှုန်းမြင့်လာရာ ဒေသတစ်ခုနှင့် တစ်ခု ပေါက်ဈေးအနည်းငယ် ကွာဟကြောင်းသိရသည်။

“စပါးကအစိုနှင့်အခြောက်ရှိပြီး အခြောက်က ဈေးပိုတယ်။ စက်အရောက်ဈေးနဲ့ တောင်သူနေရာမှာဝယ်တဲ့ ဈေးလည်း မတူဘူးပေါ့။ စပါးအဝယ်များလေ ဈေးတက်လေပဲ။ ဈေးကျမယ်ထင်လို့ မဝယ်ဘဲ အခြေအနေစောင့်ကြည့်နေသူတွေလည်းရှိတယ်။ တောင်သူတွေဆီ စပါးမရှိတော့ချိန် ဈေးတက်တတ်လို့ ခုချိန်ဝယ်နေကြတယ်” ဟု တောင်သူတစ်ဦးက ပြောကြားသည်။

လှောင်လက်များနှင့် ဆန်စက်များက ဝယ်ယူမှုများပြားလျက်ရှိသော်လည်း အချို့တောင်သူများက အနည်းငယ်သာ ရောင်းချပြီး စပါးဈေး ထပ်မံတက်လာမည့်အခြေအနေ စောင့်နေသူများလည်း ရှိကြောင်း၊ ပြီးခဲ့သည့် စပါးစိုက်ချိန်က သွင်းအားစုဈေးနှုန်းများ ၃ ဆကျော်မြင့်တက်ခဲ့၍ စိုက်စရိတ်ကြီးမြင့်လာခြင်းနှင့် စပါးအထွက်နှုန်းလျော့ကျနိုင်သည်ဟု ခန့်မှန်းမှုများကြောင့် စပါးဈေးမြင့်လာကြောင်း ကုန်သည်တချို့က သုံးသပ်ကြသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/09/%e1%80%9d%e1%80%9a%e1%80%ba%e1%80%9a%e1%80%b0%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9c%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 5, 2022 11:50 下午
下一篇 11月 9, 2022 9:37 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....