တရုတ်နိုင်ငံ တယ်ဟုန်ကုန်သည်ကြီးများအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများ အသင်းတို့ နှစ်နိုင်ငံ ကုန်သွယ်မှုမြင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည်
တရုတ်-မြန်မာကုန်သွယ်ရေးလုပ်ငန်းများ ယခင်ထက် ကျဆင်းလျက်ရှိရာ ကိုဗစ်ရောဂါပိုးထိန်းချုပ်မှုများနှင့် အတူ ကုန်သွယ်မှုပြုနေသည့် လက်ရှိကာလတွင် ကုန်သွယ်မှုပြန်လည်မြင့်တင်နိုင်ရန် နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်းများက အပြန်အလှန် ပူးပေါင်းကူညီဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ယင်းသဘောညီချက်အရ နှစ်နိုင်ငံကုန်သည်ကြီးများ ဖြစ်ပေါ်နေသည့် အခက်အခဲများ ကုန်သည်အသင်းအသီးသီး သက်ဆိုင်ရာနိုင်ငံ ကုန်သွယ်ရေးရာအပါအဝင် ဌာနဆိုင်တာဝန်ရှိသူများထံ အပြန်အလှန် အကူအညီပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် ဆက်ဆံရေးရုံး အခြေစိုက်ထားရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။
“နှစ်နိုင်ငံကုန်သည်အသင်း အချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်ရုံး ထားရှိပါမယ်။ ကုန်သည်ကိစ္စတွေ အပြန်အလှန် ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ဖို့ အတွက်ပါ။ မြန်မာနိုင်ငံ ကုန်သည်တွေ အခက်အခဲဖြစ်တာတွေကို သူတို့ဖက်က အစိုးရဆီတင်ပြပြီး အဆင်ပြေအောင် ကူညီပေးမယ်။ တရုတ်ကုန်သည်တွေ အဆင်မပြေဖြစ်နေတာကိုလည်း အပြန်အလှန်အကူအညီပေးရေးအတွက် ဆောင်ရွက် ဖြေရှင်းသွားမှာပါ။ မြေပြင်အခြေအနေတွေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးမူဝါဒတွေနဲ့ ကိုက်ညီမှုတွေကို တင်ပြ တောင်းဆိုပေးကြမှာပါ။ လက်ရှိမှာတော့ ကိုဗစ်ကြောင့် ပိတ်သွားတဲ့ ဖရဲ၊သခွားတွေ ဈေးကွက်ပြောင်းရွေ့ ရောင်းချရတဲ့ အခြေအနေကို ယခင်အတိုင်း မူဆယ် ၁၀၅ မိုင်မှာ ပြန်လည်ရောင်းချနိုင်အောင် တင်ပြ တောင်းဆိုထားပါတယ်”ဟု ၎င်းကပြောသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုနှင့်အတူ သစ်သီးကုန်သွယ်မှုမှာ ပို့ကုန်တင်ပို့ရာ၌ စရိတ်များစွာ ကုန်ကျခံ တင်ပို့ရသကဲ့သို့ ကားအချိန်းအပြောင်း အချိန်ကြာမြင့်ခြင်းကြောင့် အသီးပျက်စီးမှုများရှိပြီး ဈေးကွက်မှာလည်း ကိုယ်တိုင်ဝင်မရောင်းနိုင်သဖြင့် ပေါက်ဈေးအရလည်း ဆုံးရှုံးမှုတွေများကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်း၏ အမူဆောင်တစ်ဦးက ပြောသည်။
“ဒီလိုအခြေအနေမျိုးက ကုန်သွယ်မှုပိတ်နေတာကမှ တော်ဦးမယ်။ ကုန်သွယ်မှုက သစ်သီးတွေအနေနဲ့ ကုန်ကျစရိတ်များနေတာ အကျိုးအမြတ်မရှိပါဘူး။ ၁၀၅မိုင်မှာ ပြန်ရောင်းချဖို့ဆိုတာက နောက်ပိုင်းအဆင့် တောင်းဆိုရမှာ ဖြစ်တယ်။ လက်ရှိမှာ ကိုဗစ်-၁၉အလွန် ပုံမှန်ကုန်သွယ်ရေးပြန်ဖွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကိုဗစ်အလွန်မှာ ဖြေလျော့မှုတွေနဲ့အတူ ပုံမှန်ကုန်သွယ်ရေး ပြန်မြင့်တင်ဖို့ လိုပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ကန့်သက်ချက်တွေကြောင့် ပြည်ပကြီးက တရုတ်ကုန်သည်တွေ ဝမ်တိန်အသီးကွင်းကို လာရောက်ဝယ်ယူနိုင်ခြင်း မရှိသေးပါဘူး”ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်း၏ အမူဆောင်တစ်ဦးက ပြောသည်။
လက်ရှိကုန်သွယ်မှုမှာ ပဲ၊ပြောင်း၊နှမ်း ကုန်သွယ်မှုက ဒေါ်လာဖြင့် ရောင်းချရန် သတ်မှတ်ချက်ကြောင့် ကုန်သွယ်မှု ကျဆင်းနေခြင်း ဖြစ်သည်။
တရုတ်နယ်စပ်ဂိတ်များဖြစ်သော မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုင်တီ စခန်းများမှ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုမှာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၅၉၀၀ ကျော်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၅၈၅၄ ကျော်၊ ၂၀၂၀-၂၀၂၁ခုနှစ် အမေရိကန်ဒေါ်လာသန်းပေါင်း ၅၀၂၃ ကျော်၊ ၂၀၂၁-၂-၂၀၂၂ မီနီဘက်ဂျက် စက်တင်ဘာလကုန်ထိ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၄၇ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
ရွှေနွယ်ကြိုး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/21/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e%e1%80%bd%e1%80%9a%e1%80%ba%e1%80%99%e1%80%be%e1%80%af/