(၈)ကြိမ်မြောက်တရုတ်-အာဆီယံသွားဘက်ဆိုင်ရာဖိုရမ်

(၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်တွင် မြန်မာနိုင်ငံမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင်များ ပါဝင်တက်ရောက်

(၈)ကြိမ်မြောက်တရုတ်-အာဆီယံသွားဘက်ဆိုင်ရာဖိုရမ်

(၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးမြို့၌ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင်များ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ သွားဘက်ဆိုင်ရာဆေးပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဖိုရမ်ကျင်းပရေးအမှုဆောင်ဥက္ကဋ္ဌ Prof. Hongbing Liao က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Key Note Speech ဖြင့် မိန့်ခွန်းပြောကြားသည်။

ယနေ့ကျင်းပသော (၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်၏ ဆောင်ပုဒ်မှာ All on “Cloud Silk Road” for Oral Health ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလတွင် ကျန်းမာရေးဆိုင်ရာ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခြင်းနှင့် ကိုက်ညီမှုရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်- ရန်ကုန်နှင့် Guangxi Medical University Hospital ၊ College of Stomatology တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လျက်ရှိပြီး ယခုအချိန်အထိ Guangxi Medical University၊ College of Stomatology မှ မြန်မာနိုင်ငံ၏ ဘွဲ့ကြို၊ ဘွဲ့လွန်ဆရာဝန် ၃၀ နီးပါးကို ပြုစုပျိုးထောင် ပေးခဲ့သည့်အတွက် များစွာဝမ်းမြောက်မိကြောင်း၊ ယနေ့သည် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် Guangxi Medical University၊ College of Stomatology မှ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို အွန်လိုင်းမှ တရားဝင် လက်မှတ်ရေးထိုးသည့် အခမ်းအနားလည်း ကျင်းပမည်ဖြစ်၍ နေ့ထူးနေ့မြတ်တစ်ရက်လည်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထိုသို့လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံမှ သွားဘက်ဆိုင်ရာ ဆရာဝန်များအကြား ဆေးပညာရပ်ပိုင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်-ရန်ကုန်သည် တရုတ်ကွမ်ရှီး-အာဆီယံ ကျွမ်းကျင်ပညာရှင် အကြံပေးကော်မတီ တွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သွားဘက်ဆိုင်ရာ ဆေးပညာများအပါအဝင် ကျန်းမာရေးအသိပညာများဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမှ ပြည်သူပြည်သားများ၏ ကျန်းမာရေးကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် အဆိုပါဖိုရမ်တွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့် Guangxi Medical University၊ College of Stomatology မှ ပါမောက္ခချုပ် Prof. Hongbing Liao တို့သည် သွားဘက်ဆိုင်ရာပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို Virtual စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/21/%e1%81%88%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%a1%e1%80%ac%e1%80%86%e1%80%ae/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 21, 2022 8:57 下午
下一篇 12月 15, 2022 9:10 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....