တရုတ်ဘက်မှ ကိုဗစ်စည်းကမ်းအရ Lock down ချမှုများနှင့် တင်ပို့ကုန်ကျစရိတ်များကြောင့် ဖရဲ၊သခွားတောင်သူများ အရှုံးပေါ်

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ဖရဲ သခွားတင်ပို့မှုများတွင် တရုတ်ဘက်မှ ကိုဗစ်စည်းကမ်းများအရ Lock down များနှင့် ကုန်ကျစရိတ်များကြောင့် ယခုနှစ် သစ်သီးဝလံရာသီတွင် ဖရဲသခွားတင်ပို့ရောင်းချမှုတွင် အရှုံးပေါ်နေကြကြောင်း သိရသည်။

ပြည်တွင်း၌ ဖရဲသီးစိုက်ပျိုးမှုလျှော့ချထားသော်လည်း နယ်စပ်ဈေးကွက်တွင် ဖရဲသခွား ဝယ်လက်များ အဝယ် မဆင်းနိုင်ဖြစ်ကာ ဈေးကွက်ဝယ်လိုအားမရှိသောကြောင့် ဖရဲသခွားစိုက်တောင်သူများ အရှုံးပေါ်နေသည်ဟု ဆိုသည်။

“စိုက်ရဲတဲ့ သတ္တိကိုတော့ လေးစားတယ်။ ဒီနှစ် မစိုက်တော့ဘူးလို့လဲ လုပ်လို့မရဖြစ်နေကြတာ။ ထွက်အား မကောင်းတာနဲ့ နယ်စပ်အခြေအနေမှာ တစ်ဖက်ကလည်း Lock down မကြာခဏချနေတယ်။ အရည်အသွေး မခိုင်မာသလို ဝယ်လက်လာတာလည်းနည်းလို့ ပေးဈေးလည်းနည်းတယ်။ ဒါ့အပြင် ကုန်ကျစရိတ်ကလည်း အရင်ထက် ပိုလာတတယ်။ အရှုံးနဲ့ ရင်ဆိုင်ကြရတယ်”ဟု ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင် ကပြောသည်။

မြန်မာဘက်မှ တင်ပို့သည့် ကုန်တင်ယာဉ်များမှာ တရုတ်ဘက်သို့ တိုက်ရိုက်ဝင်ရောက်မှုများရှိသကဲ့သို့ တရုတ်ဘက်မှ ကုန်တင်ယာဉ်ဖြင့် ရှန်တိန်ပြောင်းတင်ပို့ခြင်းများလည်းရှိကြောင်း၊ ကုန်ကျစရိတ်မှာ မြန်မာဘက်တွင် ငွေကျပ် သိန်း ၃၀ ဝန်းကျင်နှင့် တရုတ်ဘက်တွင် ငွေကျပ် သိန်း ၂၀ ဝန်းကျင်ဖြစ်ပြီး သခွားမှာ ၎င်းတို့ထက် ငွေကျပ် ၅ သိန်းဝန်းကျင် ပိုမိုကုန်ကျသည့်အပြင် စိုက်ပျိုးစရိတ်မှာ ယခင်နှစ်များထက် သုံးဆခန့် ပိုမိုကုန်ကျကြောင်း သိရသည်။

“တရုတ်ပေးဈေးကောင်းလို့မဟုတ်ဘဲ ဖရဲသခွားကားတွေ ဝင်နေတယ်။ တကယ်တော့ အဓိက တင်ပို့တဲ့တရုတ် ဘက်က မြို့တွေမှာ Lock down ချထားတာဖြစ်သလို အဝယ်ကုန်သည်တွေလည်း နယ်စပ်ကို မလာနိုင်ဖြစ်နေတယ်။ ဖရဲသခွားကို ကိုဗစ်စားသွားတယ်လို့ ပြောရမလိုဘဲ။ ဒီနေ့မှာ A-1 ဂိတ်ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူ တွေညှိနှိုင်းခဲ့ကြတော့ ကိုယ့်ဘက်က ဖရဲသခွားတောင်သူတွေ ဈေးကောင်းရဖို့က ဒီလကုန်မှာ စောင့်ကြည့်ရ မယ်”ဟု ဖရဲသခွား တင်ပို့သူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၂ ရက်မှ စတင်၍ ကျင်စန်းကျော့ဂိတ် A-1 အပေါက်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး သစ်သီးများ၊ ဂဏန်း နှင့် ငါးရှဉ့်များမှာ ကြံတင်ပို့သည့် ဝင်ပေါက်မှ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း၊ ချန်ဟော့ သစ်သီးအရောင်းကွင်း မှာလည်း Lock down သတ်မှတ်ထားသဖြင့် ကုန်တင်ယာဉ်များမှာ ယခုလတ်တလောတွင် ဝင်ထွက်ခွင့်မရ ဖြစ်နေပြီး ဖရဲသီးမှာ တစ်ကီလို တရုတ်ယွမ်ငွေ တစ်ယွမ်မှ ၁ . ၆ယွမ်နှင့် သခွားသီးတစ်ကီလိုမှာ ၂ ယွမ်မှ ၃ ယွမ် ပေါက်ဈေးရှိပြီး တစ်ယွမ်လျှင် မြန်မာငွေ ကျပ် ၄၁၀ ခန့် ပေါက်စျေးရှိကြောင်း သိရသည်။

ယခင်က နိုဝင်ဘာအကုန် ဒီဇင်ဘာလထဲတွင် တရုတ်ပြည်မမှ အဝယ်များဆင်းလာပြီး ဖရဲ၊သခွား စျေးကွက် စျေးကောင်းလေ့ရှိသော်လည်း ယခုနှစ်တွင် လော့ဒေါင်းမကြာခဏ ချနေတာကြောင့် အဝေးဝယ်လက် မစုံသေးသည့်အခြေအနေဖြစ်ကာ စျေးကွက်ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ဖရဲစျေးကွက်ကိုတင်ပို့ရန် စွန့်စားစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် လက်ရှိတွင် ပြည်တွင်းစျေးကွက်ကိုသာ စိုက်ပျိုးစရိတ်ရရုံမျှစျေးဖြင့် တင်ပို့ရောင်းချနေကြကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/15/14594/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 15, 2022 9:13 下午
下一篇 12月 15, 2022 9:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....