တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် Sinopharm (၃)သန်း doses နှင့် ဆေးထိုးအပ်(၃)သန်း လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (၃) သန်း doses နှင့် ဆေးထိုးအပ် (၃)သန်းတို့သည် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှု လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တို့ တက်ရောက်ကြသည်။

ယခုလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် စဉ်ဆက်မပြတ် ကူညီပေးလျက်ရှိရာ မြန်မာနိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းပို့ချရေးစင်တာများ တည်ဆောက်ရာတွင်လည်း အကူအညီပေးလျက်ရှိကြောင်း၊ အဆိုပါ စင်တာများ ဆောက်လုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ ဇီဝလုံခြုံမှုဆိုင်ရာ သုတေသနပြုမှုကို အဆင့်မြှင့်တင်ပေးနိုင်မည့်အပြင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုမည်ဟုမျှော်လင့်ကြောင်း အခမ်းအနားတွင် တရုတ်သံအမတ်ကြီး ကပြောသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်အကုန်တွင် ဖွင့်လှစ်နိုင်ရေး ရည်မှန်းဆောင်ရွက်နေသည့် မြန်မာကူးစက်ရောဂါတိုက်ဖျက်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်း ပို့ချရေးစင်တာများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ပံ့ပေးနေမှုများကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ပြောကြားလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် အခြားကူးစက်ရောဂါများ တိုက်ဖျက် နိုင်ရေးအတွက် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်လက်ပူးပေါင်း လက်တွဲဆောင်ရွက်သွားမည့်အကြောင်း ထပ်လောင်းပြောကြားလို ပါကြောင်း၊ ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး(၃)သန်းကို ကျောင်းနေအရွယ်ကလေးများ၊ နာတာရှည် ရောဂါအခံရှိသော အသက်အရွယ်ကြီးသူများကို ထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုအနေဖြင့် အသုံးပြုသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံသည့်မှတ်တမ်းအား နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့ပြီး လှူဒါန်းထားသည့် ကာကွယ်ဆေးများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုတ်သိမ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/20/14754/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 20, 2023 10:03 上午
下一篇 1月 28, 2023 2:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....