ယူနန်-မြန်မာစီးပွားရေးနှင့်ကုန်သွယ်ရေဆွေးနွေးပွဲ

ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ

ယူနန်-မြန်မာစီးပွားရေးနှင့်ကုန်သွယ်ရေဆွေးနွေးပွဲ

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဌာနမှူး Mr. Li Chenyang တို့က အမှာစကား အသီးသီး ပြောကြားကြသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ယူနန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်အဖွဲ့၊ ယူနန်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များ စသဖြင့် လူဦးရေ ၁၀၀ ကျော် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ထုတ်နိုင်ပြီး ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ကာ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့်အတူ မြန်မာ-ယူနန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယူနန်-မြန်မာစီးပွားရေးနှင့်ကုန်သွယ်ရေဆွေးနွေးပွဲယူနန်-မြန်မာစီးပွားရေးနှင့်ကုန်သွယ်ရေဆွေးနွေးပွဲ

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က ယူနန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် တရုတ်နိုင်ငံမှ ဒေသအဆင့် အဖွဲ့ ဖြစ်ကြောင်း၊ ယင်းသည် ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ယူနန်က များစွာအလေးထားမှုကို အပြည့်အဝ ထင်ဟပ်နေကြောင်း၊ ယူနန်နှင့် မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ဓာတ်အား၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စသည့်နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေကြောင်း၊ ယူနန်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ယခုပလက်ဖောင်းကို အပြည့်အဝ အသုံးချ၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဌာနမှူး Mr. Li Chenyang ကအမှာစကားပြောရာတွင် မြန်မာနိုင်ငံသည် ယူနန်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး အကြီးဆုံး သွင်းကုန်နိုင်ငံနှင့် အကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်ကြောင်း၊ ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် တမူထူးခြားသော တည်နေရာအားသာချက်နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအခြေခံ ပိုင်ဆိုင်ထားကြောင်း၊ အခြေအနေသစ်တွင် ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းသည် နှစ်ဦးနှစ်ဖက်လုံး၏ ဘုံမျှော်မှန်းချက်ဖြစ်ပြီး ပြည်သူတို့၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီကာ ယူနန် စီးပွားရေးလုပ်ငန်း၏ ဦးစားပေး ဦးတည်ချက်လည်း ဖြစ်ကြောင်း၊ ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အမြန်လမ်းကြောင်းသို့ ဝင်ရောက်နိုင်စေရန်အတွက် မြန်မာဘက်နှင့်အတူ မြှင့်တင်ဆောင်ရွက်ရန် ယူနန်က ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ယူနန်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်များကို မိတ်ဆက်ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/24/%e1%80%9a%e1%80%b0%e1%80%94%e1%80%94%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 24, 2023 10:53 上午
下一篇 2月 24, 2023 10:55 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....