မန္တလေးမြို့မှ ဒေါ်တောမုန့်တီဆိုင် ဓားပြတိုက်ခံရ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အောက်ကမ်းနားလမ်း၏ လမ်းဘေးတွင် ဖွင့်လှစ်ရောင်းလျက်ရှိသည့် ဒေါ်တောမု့န်တီဆိုင်သည် မတ်လ ၁၂ ရက် နံနက်စေစော ဆိုင်ဖွင့်ရန် ခင်းကျင်းပြင်ဆင်ချိန်တွင် ဓားပြတိုက်ခံရပြီး ငွေကျပ် ၁၃၇ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။
အဆိုပါ ဒေါ်တောမု့န်တီဆိုင်သို့ အောက်ကမ်းနားလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ သားရေဂျာကင် ဝတ်ထားပြီး နှာခေါင်းစည်းအမည်းရောင် စတိုင်ပင် အနက်ရောင်တို့ ဝတ်ဆင်ထားသည့် အသက် ၆၀ ခန့် ၁ ဦးနှင့် အသက် ၄၀ ခန့် ၁ ဦး စုစုပေါင်း အမျိုးသား ၂ ဦးတို့ မောင်းနှင်လာသည့် Click အဖြူရောင်ဆိုင်ကယ် ရောက်ရှိလာခဲ့ပြီး အဆိုပါအမျိုးသား ၂ ဦးတို့သည် ဆိုင်ကယ်ပေါ်မှ ဆင်း၍ အသက် ၄၀ ခန့်အမျိုးသားမှ မောင်းပြန်ပစ္စတိုသေနတ်နှင့် လက်ပစ်ဗုံး(အလုံးပုံစံ)အား ကိုင်ဆောင်၍လည်းကောင်း၊ အသက် ၆၀ ခန့်အမျိုးသားမှ ခြောက်လုံးပြူးပုံစံအား ကိုင်ဆောင်၍လည်းကောင်း တစ်ယောက်မှမလှုပ်နဲ့ လှုပ်တဲ့လူ ပစ်လိုက်မယ်ဟု ပြောဆို၍ ဆိုင်ပိုင်ရှင်ဖြစ်သူ၏ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများကို ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့ပြီး အောက်ကမ်းနားလမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခြိမ်းခြောက်လုယူသွားသည့် လက်ဝတ်ရတနာများမှာ စုစုပေါင်း တန်ဖိုးငွေ ၁၃၇ သိန်းခန့်ဖြစ်ပြီး ရွှေနှင့်စိန် တွဲဖက်ထားသည့် ဆွဲကြိုး ၁ ကုံး (ခန့်မှန်းတန်ဖိုး ၈၀ သိန်းခန့်) ပီခြူးလက်ကောက် ၁ ကွင်း (ခန့်မှန်း တန်ဖိုး ၃၀ သိန်းခန့်)၊ ၁ ကျပ်သားရွှေလက်စွပ် ၁ကွင်း (တန်ဖိုး၂၇ သိန်းခန့်) တို့ဖြစ်ကြောင်းသိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/16/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be-%e1%80%92%e1%80%b1%e1%80%ab%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%99/