စိန်တလုံးသရက်သီးများ ပေါ်ဦးပေါ်ဖျားဖြစ်ပြီး အထွက်နှုန်းနည်းသောကြောင့် ယမန်နှစ်ကထက် ဈေးနှစ်ဆ ပေါက်ဈေး ရှိနေ

ပြည်တွင်းမှ ထွက်ရှိသော စိန်တလုံးသရက်သီးများမှာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အပြင် အထွက်နှုန်းနည်းခြင်းကြောင့် ယခုနှစ် သရက်ဈေးကွက်တွင် ယမန်နှစ်ကထက် ဈေးနှုန်း ၂ ဆခန့်ရှိနေပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ မှ ၁၅၀၀ ကျော် ပေါက်ဈေးရှိနေကြောင်း သရက်ဈေးကွက်နှင့် နည်းပညာအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

“ပြည်တွင်းဈေးကွက်မှာကိုပဲ စိန်တလုံးသရက်သီးက မနှစ်ကထက် ဈေး နှစ်ဆ လောက်ဖြစ်နေတယ်။ တရုတ်ကို ပို့နေကြတာကလည်း အစမ်းဈေးကွက်သဘောမျိုးဖြစ်ပြီး ဈေးကောင်းရနေတယ်။ ဒီဈေးကွက်ကို ထိန်းနိုင်ဖို့ဆိုရင် အရည်အသွေးကောင်း တင်ပို့ကြဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

သရက်သီးမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်တွင် ရောင်းအားကောင်းသော သစ်သီးဖြစ်၍ ဈေးကွက်သို့ တင်ပို့ရာ၌ အရည်အသွေးကို အဓိကထားရန်လိုကြောင်း၊ အရည်အသွေးမကောင်းပါက ဈေးကွက်တွင် ခေတ္တသာ ဈေးကောင်းရနိုင်သည်ဟုဆိုသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်ကဆိုရင် သရက်သီးတစ်ခြင်းကို ယွမ်ငွေ ၂၀-၂၅ လောက်ထိဖြစ်ခဲ့ဖူးတယ်။ အရည်အသွေးမမှီတဲ့ သရက်တွေကို ခူးဆွတ်ပြီး တရုတ်ဈေးကွက်တင်ပို့ရင် နောက်လူတွေလည်း နစ်နာမှာ ဖြစ်သလို ဈေးကွက်ထိခိုက်မှာပါ။ ခုပေါ်ဦးပေါ်ဖျားမှာ ဝယ်သွားတဲ့ တရုတ်ကုန်သည်တွေ ရှုံးတယ်လို့ ကြားရတယ်”ဟု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပွဲစားတစ်ဦးက ပြောသည်။

ပြည်တွင်းဈေးကွက်၌ စိန်တလုံးသရက်တစ်လုံးလျှင် ငွေကျပ် ၁၅၀၀ အထက်ရှိပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ ဝန်းကျင်ဖြင့် ရောင်းချမှုများလည်းရှိရာ အရည်အသွေးနှင့် ထွက်ရှိရာဒေသ ကွာခြားခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှုတွင် အရေအတွက်များစွာကို တစ်ပြိုင်တည်း ရောင်းချရသော်လည်း ပြည်တွင်းဈေးကွက်၌ လက်လီသာ ရောင်းချရကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/25/15239/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 25, 2023 9:15 上午
下一篇 4月 28, 2023 4:37 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....