ကချင်နေရပ်စွန့်ခွာသူများအားသွားရောက်လေ့လာ

တရုတ်ထောက်ပံ့မှုဖြင့်ဖော်ဆောင်သည့် ကချင်ပြည်နယ်နေရပ်စွန့်ခွာသူများ မူလနေရပ်ကျေးရွာ ရွှေ့ပြောင်းနေထိုင်ရေး စီမံကိန်းများအား တရုတ်သံမှူး သွားရောက်လေ့လာ

ကချင်နေရပ်စွန့်ခွာသူများအားသွားရောက်လေ့လာ

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu နှင့်အဖွဲ့သည် မေလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့သွားရောက်ပြီး တရုတ်နိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြင့် ဖော်ဆောင်သည့် ကချင်ပြည်နယ်နေရပ်စွန့်ခွာသူများ မူလနေရပ်ကျေးရွာ ရွှေ့ပြောင်းနေထိုင်ရေး စီမံကိန်းအား လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်စသည့် ပြည်သူ့အကျိုးပြုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သည့်အခြေအနေအား ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့သည်။

ကချင်နေရပ်စွန့်ခွာသူများအားသွားရောက်လေ့လာကချင်နေရပ်စွန့်ခွာသူများအားသွားရောက်လေ့လာကချင်နေရပ်စွန့်ခွာသူများအားသွားရောက်လေ့လာ

သံမှူး Mr. Tan Shufu သည် ဒဘတ်ယန်ရွာသို့ သွားရောက်၍ ထောက်ပံ့ငွေအသုံးပြုသည့် အခြေအနေအား လေ့လာစစ်ဆေးခဲ့ပြီး ကချင်ပြည်နယ် မူလနေရပ်ပြန်လည်ရွှေ့ပြောင်းနေထိုင်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်မှုနှင့် အနာဂတ်အစီအစဉ်များအား လေ့လာသိရှိကာ ရွာသူရွာသူများနှင့် တွေ့ဆုံဆွေးနွေး၍ အများပြည်သူလိုအပ်ချက်များကို နားဆင်ခဲ့သည်။ အဆိုပါခရီးစဉ်၌ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အတူလိုက်ပါခဲ့သည်။

ရွာသားကိုယ်စားလှယ်က ၁၀ နှစ်ကျော်ယာယီနေထိုင်ခဲ့သည့် ယာယီခိုလှုံရာစခန်းကို စွန့်ခွာ၍ မူလနေရပ်ဇာတိသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ရသည့်အတွက် အင်မတန်စိတ်လှုပ်ရှားမိကြောင်း၊ တရုတ်နိုင်ငံအစိုးရက နေအိမ်များ ပြင်ဆင်တည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲ၍ ပြည်သူများပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သံမှူး Mr. Tan Shufu နှင့် ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ မြစ်ကြီးနားမြို့ အုပ်ချုပ်ရေးမှူး၊ ဒဘတ်ယန်ရွာနှင့် တာလောကြီးရွာ အုပ်ချုပ်ရေးမှူးတို့သည် မူလနေရပ် ပြန်လည်ရွှေ့ပြောင်းနေထိုင်သည့် ရွာသူရွာသားများ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ အခြေခံပညာရေး၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုစသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ကာ ကျေးရွာအတွင်းရှိ မူလတန်းကျောင်းစသည့် အများပြည်သူ အခြေခံအဆောက်အအုံများအား လေ့လာကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး ဝါရှောင်မြို့တွင် သံမှူး Mr. Tan Shufu က ထိန်ချုံး-မြစ်ကြီးနားလမ်းမကြီး အသုံးပြုမှုနှင့် ထိန်းသိမ်းမှုအခြေအနေအား လေ့လာကြည့်ရှုခဲ့ပြီး ကချင်ပြည်နယ် ဒေသခံနှင့် ယူနန်ပြည်နယ် ကုန်သွယ်ရေးကုန်သည်၊ ကုန်စည်စီးဆင်းမှုကုမ္ပဏီများနှင့် ကူးလူးဖလှယ်ခဲ့သည်။ ဟိုချောင်-ကံပိုင်တည်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးစီးဆင်းမှုတွင် ရင်ဆိုင်ရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြစ်ကြီးနား၌ သံမှူး Mr. Tan Shufu သည် စိုက်ပျိုးရေးကုမ္ပဏီများ၏ ကချင်ပြည်နယ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအား တင်ပြမှုကို နားဆင်ခဲ့ပြီး အသားစားနွားမွေးမြူရေးလုပ်ငန်းနှင့် အချဉ်ဖောက်ထားသည့် တိရစ္ဆာန်အစာ၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ပင်မှည့်သီးစသည့် စိုက်ပျိုးရေးလုပ်ငန်းတိုးတက်မှုနှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုအခြေအနေများအား နားလည်သိရှိခဲ့သည်။

သံမှူး Mr. Tan Shufu နှင့်အဖွဲ့သည် ခရီးစဉ်တစ်လျှောက် အောင်မြင်သာ ရေအားလျှပ်စစ်စက်ရုံ ရွှေ့ပြောင်းကျေးရွာသို့သွားရောက်၍ စာသင်ကျောင်း၊ ဆေးရုံ စသည့်အဆောက်အအုံများ အသုံးပြုမှုအခြေအနေအား လေ့လာကြည့်ရှုခဲ့ပြီး ရွှေ့ပြောင်းကျေးရွာ၏ လွန်ခဲ့သည့်ဆယ်နှစ်ကျော်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအကြောင်း လေ့လာခဲ့သည်။

ထို့ပြင် တရုတ်ကုမ္ပဏီများနှင့်လည်း ကချင်ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး၊ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ လက်ရှိလည်ပတ်မှုအခြေအနေစသည့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ကြသည်။

အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံဘက်မှတောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၌ အရေးပေါ်လက်ငင်းငွေထောက်ပံ့မှုဖြင့် နေရပ်စွန့်ခွာသူများ မူလနေရပ်ကျေးရွာ ရွှေ့ပြောင်းနေထိုင်ရေးစီမံကိန်းအား ကူညီဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝှိုင်းမော်မြို့နယ်ရှိ ဒဘက်ယန်ရွာ၊ နန်ဆန်ယန်ရွာနှင့် တာလောကြီးရွာမှ မူလနေရပ်ပြန်လည်ရွှေ့ပြောင်းနေထိုင်သည့် ရွာသူရွာသားများအတွက် အိမ်ရာပြန်လည်တည်ဆောက်မှု၊ လျှပ်စစ်ဓာတ်အားပေးမှု၊ ရေပေးဝေမှုနှင့် ရေပေးဝေရေး အဆောက်အအုံများ ပြုပြင်တည်ဆောက်မှုစသည်တို့အပါအဝင် နေရပ်ပြန်လည်တည်ဆောက်ပေးခဲ့သည်။

ယနေ့အထိ ကချင်ပြည်နယ်အစိုးရသည် အထက်ပါကျေးရွာသုံးရွာ၌ တရုတ်နိုင်ငံထောက်ပံ့ငွေဖြင့် အသစ်တည်ဆောက်သည့်အိမ် ၈၈ လုံး၊ ပြင်ဆင်တည်ဆောက်သည့်အိမ် ၂၅ လုံး၊ မိသားစုပေါင်း ၁၁၃ စုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု လုပ်ဆောင်ပြီးစီးခဲ့ရာ လူဦးရေ ၁၁၀၀ နီးပါး အကျိုးခံစားရပြီး မိသားစုပေါင်း ၁၉၂ စု မူလနေရပ်သို့ ပြန်ခဲ့ပြီးဖြစ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/15/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%94%e1%80%b1%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%bd%e1%80%94%e1%80%b7%e1%80%ba%e1%80%81%e1%80%bd%e1%80%ac%e1%80%9e%e1%80%b0%e1%80%99%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 15, 2023 10:08 上午
下一篇 5月 15, 2023 10:10 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....