မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးသေဆုံးကြောင်း ထုတ်ပြန်
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ စစ်တွေမြို့ ၁ ဦး၊ တောင်ကုတ်မြို့ ၁ ဦး၊ ရေကြည်မြို့ ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
စာရင်းကောက်ယူမှုများအရ ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၈၅ ခု၌ လူနေအိမ် ၅၈၈ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၉ လုံး၊ ဈေး ၁ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ တိုင်၊ လမ်းမီးတိုင် ၇ တိုင်၊ ထရန်စဖော်မာ ၁ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၆ လုံး၊ အခြားပျက်စီးမှု ၁၈၁ ခု ရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် အသေးစိတ် ထပ်မံစစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကိုခန့်
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/16/15343/