ငရုတ်သီးခြောက်နှင့်ငရုတ်သီးစိုများ ထိုင်းနိုင်ငံမှအဝယ်ရှိနေ
ငရုတ်သီးခြောက်နှင့်ငရုတ်သီးစိုများ ထိုင်းနိုင်ငံမှအဝယ်ရှိကြောင်း မုံရွာမြို့ငရုတ်စျေးကွက်ရှိ ဝယ်ရောင်းကုန်သည်များထံကသိရသည်။
“ငရုတ်ကို ထိုင်းနိုင်ငံက ဝယ်တယ်။ ငရုတ်အခြောက်ရော အညှာကြွေရော ထိုင်းကဝယ်တယ်။ သတ်မှတ်အရည်အသွေးမီတဲ့ ခြင်းသီးဝင်အမှည့်အစိုလည်း ထိုင်းဖက်ထွက်တယ်။ စျေးနှုန်းက ဆွဲတဲ့နှုတ်တဲ့အပေါ်မူတည်တာပါ။ ထိုင်းကယူတာရပ်လိုက်ရင် စျေးကကျသွားတာပေါ့။ ယူရင်စျေးတက်တာပေါ့။ လမ်းကြောအခြေအနေ၊ ဝယ်ယူမှုတွေပေါ် စျေးကမူတည်တာပါ”ဟု ဦးကျော်မြင့်(ဆင်စွယ်ငရုတ်ပွဲရုံ) ကပြောသည်။
လက်ရှိအချိန်သည် ငရုတ်သီးလှိုင်လှိုင် ထွက်သည့်အချိန်ဖြစ်သော်လည်း အခြေအနေများအရ စိုက်ချိန်တွင် ငရုတ်များ မစိုက်နိုင်ခဲ့ကြသည့်အတွက် ငရုတ်အရတော်တော်နည်းနေကြောင်း သိရသည်။
လက်ရှိစျေးကွက်တွင် မုံရွာထွက်ငရုတ်သီးမရှိဘဲ ပခုက္ကူ၊ ဧရာဝတီတိုင်း၊ ကျောက်ဆည်ဒေသထွက် ငရုတ်များသာ ရောင်းဝယ်မှုရှိနေကြောင်းသိရသည်။
မုံရွာဒေသတွင် ငရုတ်က လာမည့်ဒီဇင်ဘာလမှသာ ပြန်ပေါ်တော့မည်ဖြစ်ပြီး လက်ရှိပြည်တွင်းစျေးကွက်တွင် သာမို-၁၁ ငရုတ် တစ်ပိသာ ၁၆၅၀၀ကျပ်၊ ပခုက္ကူထွက်ငရုတ်သီး တစ်ပိသာ ကျပ်၉၀၀၀ နှင့် ၁၀၀၀၀၊ မိုးထောင်၊ဒီမွန်ငရုတ် တစ်ပိသာ ကျပ် ၁၁၀၀၀၊ ပခုက္ကူထွက်ငရုတ်ရှည် တစ်ပိသာ ကျပ် ၁၀၀၀၀ နှင့် ၁၁၀၀၀ စျေးရှိကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/18/%e1%80%84%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7%e1%80%84%e1%80%9b%e1%80%af/