မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ၃ဘီးယာဉ်တစ်စီးပေါ်မှ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၁၀ ရက်နေ့ ၂၂၀၀ အချိန်က သတင်းအရ သက်သေများနှင့်အတူ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၁၁၄ လမ်းတွင် ၀င်းကိုကိုဦး မောင်းနှင်ပြီး ဒေါ်ထွန်းထွန်းကြည် နှင့် ဒေါ်စောမြိုင် တို့လိုက်ပါလာသည့် ၃ ဘီးယာဥ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဥ်ပေါ်တွင် ၎င်းတို့တင်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁.၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၂၂၀ အချိန် အဆိုပါ ဘိန်းဖြူများ ရောင်းချသူ ဒေါ်မြင့်မြင့်ခိုင် အား ၎င်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၁၁၇ x ၁၁၇(A)ကြား၊ ၅၅(C)လမ်းရှိ နေအိမ်တွင်လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းမိသည့် ၀င်းကိုကိုဦး(၄၄)နှစ်၊ ဒေါ်ထွန်းထွန်းကြည် (၄၃)နှစ်၊ ဒေါ်စောမြိုင်(၅၀)နှစ်နှင့် ဒေါ်မြင့်မြင့်ခိုင် (၅၂)နှစ်တို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/15/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%9e%e1%80%ac%e1%80%85/