မြန်မာအမျိုးသားလေကြောင်းလိုင်းမှ မန်စီ-မန္တလေး-ရန်ကုန် ခရီးစဉ် စတင်ပျံသန်း

မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline – MNA) မှ နိုင်ငံတကာခရီးစဉ်သစ်ဖြစ်သော မန်စီ-မန္တလေး-ရန်ကုန် ခရီးစဉ် စတင်ပျံသန်းသည့် အခမ်းအနားကို ဇွန်လ ၂၉ ရက်၊ ညနေ (၆:၃၀) နာရီတွင် တရုတ်နိုင်ငံ တယ်ဟုတ် မန်စီအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရီးစဉ်အား တစ်ပတ်လျှင် ၃ ကြိမ် အပတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့များတွင် ပြေးဆွဲမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ မန်စီမှ မန္တလေးသို့ လက်မှတ်ခမှာ ၁,၅၈၈ ယွမ်ခန့်ရှိပြီး မန်စီ မှ ရန်ကုန်သို့ လက်မှတ်ခမှာ ၁,၂၈၈ ယွမ်ခန့် ရှိကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နိုင်ငံတကာ ခရီးစဉ်သစ် ရန်ကုန်-မန္တလေး-မန်စီ ( ခရီးစဉ်အမှတ် UB811 ) သည် ရန်ကုန်မှ ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၃၀ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ မွန်းလွဲ ၁း၃၀ နာရီ ရောက်ရှိကာ မန္တလေးမှ မွန်းလွဲ ၂း၃၀ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မန်စီသို့ ဒေသစံတော်ချိန် ညနေ ၅း၁၅ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးစဉ် မန်စီ-မန္တလေး-ရန်ကုန် ( ခရီးစဉ်အမှတ် UB812 ) သည် မန်စီမြို့မှ ညနေ ၆း၁၅ နာရီတွင်ထွက်ခွာကာ မန္တလေးသို့ ဒေသစံတော်ချိန် ညနေ ၆ နာရီ တွင်ရောက်ရှိပြီး၊ မန္တလေးမှ ည ၇ နာရီတွင်ထွက်ခွာကာ ရန်ကုန်သို့ ည ၈ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် တယ်ဟုန်လေကြောင်းဈေးကွက်သို့ အောင်မြင်စွာ မိတ်ဆက်ခဲ့ပြီး တယ်ဟုန်တွင် အခြေချနေထိုင်သည့် ပထမဆုံးသော နိုင်ငံခြားလေကြောင်းလိုင်း ဖြစ်လာခဲ့သည်။
အဆိုပါ ခရီးစဉ်သစ် ပျံသန်းနိုင်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြင့်မားစေပြီး မြန်မာနိုင်ငံနှင့် တဲဟုန်ပြည်နယ်ခွဲအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုဖလှယ်ရေး စသည့် ကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
စတင်ပျံသန်းခြင်း အခမ်းအနားသို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ထွေး၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ မြန်မာအမျိုးသားလေကြောင်းမှ တာဝန်ရှိသူများ၊ တယ်ဟုန်ပြည်နယ်ခွဲမှ ပါတီအတွင်းရေးမှူး Mr. Jiang Shan ၊ အုပ်ချုပ်ရေးမှူး Mr. Wei Gang နှင့် ယူနန်ပြည်နယ် ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြသုခ
Original works by shin@PaukPhaw Network: https://www.paukphaw.org/2023/06/30/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/