အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်နှင့်အတူ မြန်မာ့ပဲဈေးကွက် နှစ်ဦးပိုင်းတွင် အမြင့်ဈေးဖြစ်နေ
ပြည်တွင်း ပဲလက်ကျန် အဟောင်းများ နည်းပါးလာသည်နှင့်အတူ ပြည်တွင်းကုလားပဲ အုပ်စု ဈေးမြင့်တက်နေပြီး ပို့ကုန် ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ တို့မှာလည်း အိန္ဒိယ၏ လိုအပ်ချက် မြင့်မားမှု သတင်းများကြောင့် မြန်မာ့ပဲဈေးကွက် နှစ်ဦးပိုင်းတွင် အမြင့်ဈေး ဖြစ်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။
“ပြည်တွင်းသုံး ကုလားပဲ အုပ်စုကတော့ လှောင်လက်သမားတွေနဲ့ မန္တလေးမြို့မှာ လက်ကျန် လုံး၀မရှိတော့လို့ ဈေးမြင့်တက်နေပါတယ်။ မတ်ပဲနှင့် ပဲစင်းငုံ ကတော့ နှစ်ဦးပိုင်းမှာကတည်းက စတက်လာတာ အမြင့်ဈေးတွေ ရောက်လာပေမယ့် ဈေးကွက်ထဲကို ပစ္စည်းအဝင်က နည်းပါသေးတယ်။ ပဲစင်းငုံ အသစ် ဝင်ရောက်မှုက ရာဂဏန်းလောက်ပဲ ဝင်ရောက်သေးတာပါ။ လက်တွေ့ဝယ်ယူမှုအနေနဲ့ ပမာဏ နည်းပါသေးတယ်။ ကြိုရောင်း၊ ကြိုဝယ်ဆိုရင်တော့ အိတ်ရေ ထောင်ချီပြီ ဝယ်နေကြတယ်။ လက်ရှိမှာ အိန္ဒိယဝယ်လိုအား ပမာဏများနိုင်တာမို့လည်း ဝယ်လိုအားက လက်ရှိပေါက်ဈေးထက် ကျဆင်းစရာမရှိပါဘူး။ သို့ပေမယ့် ဈေးကွက်ထဲကို လမ်းပန်းဆက်သွယ်ရေးကောင်းကောင်းနဲ့ ချောချောမွေ့မွေ့ ဝင်ရောက်ဖို့ လိုအပ်ပါတယ်” ဟု ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင် က ပြော သည်။
ဇန်နဝါရီလ ၃ ရက်တွင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၈၆၀၀၀၊ ပဲစင်းငုံ ပိဿာ ၆၀ သုံးတင်း တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀ ပေါက်ဈေးရှိနေသည်၊၊ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး ဇန်နဝါရီလ ၃ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၇၇၀၀၀ ပေါက်ဈေးဖြင့် ဈေးဆက်လက် မြင့်တက်လာသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၄၁၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၄၄၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ မြေပဲအနီလုံး ဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၆၉၀၀-၇၀၀၀ ပေါက်ဈေး မြင့်တက်လာသည်။
ဇန်နဝါရီလ ၃ ရက်တွင် နှမ်းဖြူရိုးရိုး ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ နှမ်းဝါ(သစ်) တစ်အိတ်လျှင် ၂၉၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/12/%e1%80%a1%e1%80%ad%e1%80%94%e1%80%b9%e1%80%92%e1%80%ad%e1%80%9a%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%81%8f-%e1%80%95%e1%80%b2%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%95/