တောင်သမန်အင်းတွင် လှေမှောက်ပြီး ငှက်လှေသမားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းတွင် စက်တင်ဘာလ ၅ ရက် ညနေ ၅ နာရီခွဲခန့်က ငှက်လှေသမားတစ်ဦးသည် ငှက်လှေစီးမည့်ဧည့်သည်ကြိုရန်သွားရင်း လှေ မှောက်ပြီး ရေနစ်သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရေနစ်သေသွားတဲ့သူရဲ့ အများကတော့ ကိုအင်းဝ လို့ခေါ်ကြတယ်။ သူ့ရဲ့လှေမှာလည်း အင်းဝ လို့နာမည်ထိုးထားတယ်။ ဘယ်လိုဖြစ်ပြီး လှေမှောက်တာလဲတော့ သေချာမသိဘူး။ သူက နည်းနည်းတော့ သောက်တတ်တယ်။ ဖြစ်တာကလည်း အင်းလယ်မှာ ဖြစ်သွားတာ။ ခုချိန်က အင်းထဲမှာ ရေများတဲ့အချိန်ဖြစ်တာရယ် လှေမှောက်ပြီး လှေနဲ့ရိုက်မိသလိုလည်း ဖြစ်သွားတယ်တဲ့။ ကမ်းစပ်ကနေ တံတားဘက်ကို ဧည့်သည်ကြိုဖို့သွားရင်း လှေမှောက်သွားတာ”ဟု ဒေသခံတစ်ဦး ကပြောသည်။
ငှက်လှေမှောက်မှုဖြစ်ပွားရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ Rescue Diver Team (Myanmar) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာပြီး ဒေသခံငှက်လှေသမားများနှင့်ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရှာဖွေချိန် ၄၈ မိနစ်အတွင်း လှေမှောက်ပြီး ရေနစ်သွားခဲ့သူ အသက် ၅၀ အရွယ် ငှက်လှေသမား၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/12/%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9e%e1%80%99%e1%80%94%e1%80%ba%e1%80%a1%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9c%e1%80%be%e1%80%b1%e1%80%99%e1%80%be/