ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာသို့သွားရောက်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ယူနန်စိုက်ပျိုးရေးတက္ကသိုလ်၊ လော့စစ်ဝမ် နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးမြို့တော်နှင့် ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာသို့ သွားရောက်လေ့လာ

ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာသို့သွားရောက်

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် မဲခေါင်ဒေသနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဩဂုတ်လ ၁၈ ရက်နေ့က ကူမင်းမြို့ရှိ ယူနန်စိုက်ပျိုးရေးတက္ကသိုလ်၊ လူစစ်ဝမ် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာတို့ကို သွားရောက်လေ့လာကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နံနက်ပိုင်းတွင် ယူနန်စိုက်ပျိုး ရေးတက္ကသိုလ်( Yunnan Agri-cultural University) သို့ ရောက်ရှိလေ့လာရာ တာဝန်ရှိသူများက စိုက်ပျိုးရေး ဆိုင်ရာ သုတေသနစင်တာ (Data Center) တွင် သုတေသနပြုလုပ်၍ အချက်အလက်များစုဆောင်းမှုနှင့် ဖြန့်ချိမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ကြက်မွေးမြူရေးပြတိုက်တွင် မျိုးရင်းကြက်များ၊ စပ်မျိုးကြက်များ၊ ဥနှင့်အသားထုတ်လုပ်မည့် ကြက်များဆိုင်ရာ လေ့လာစုဆောင်းထားမှုနှင့် ပညာမျှဝေဖြန့်ဖြူးရေး ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ကျောင်းသားကျောင်းသူများထုတ်လုပ်သည့် အစားအသောက်ဆိုင်ရာပြပွဲတွင် ယာစပါးအမျိုးမျိုး၊ ဖူးစား/နှံစား ပြောင်းအမျိုးမျိုး၊ အာလူးနှင့်ကန်စွန်းဥအမျိုးမျိုး စမ်းသပ်ထုတ်လုပ်မှုများအပြင် လက်ဖက်ခြောက်၊ စပျစ်ဝိုင်စသည်ဖြင့် ထုတ်လုပ်မှုများကိုလည်းကောင်း လိုက်လံရှင်းလင်း ပြသကြသည်။

ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာသို့သွားရောက်

ယင်းတက္ကသိုလ်၌ ပါရဂူဘွဲ့ရယူနိုင်ရန် တက်ရောက်နေကြသည့် မြန်မာနိုင်ငံရေဆင်းတက္ကသိုလ်မှ ကျောင်းသူသုံးဦးအနက် နှစ်ဦးအားပြည်ထောင်စုဝန်ကြီးက ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပညာသင်ကြားမှုအခြေအနေများကို မေးမြန်းကာပညာသင်ထောက်ပံ့ငွေပေးအပ်၍ ကျောင်းစားရိပ်သာ၌ နေ့လယ်စာ အတူသုံးဆောင်ကြသည်။

မွန်းလွဲပိုင်းတွင် ကူမင်းမြို့လော့စစ်ဝမ် နိုင်ငံတကာကူးသန်း ရောင်းဝယ်ရေးမြို့တော် (Luosi-wan International Trade City) ကိုသွားရောက်လေ့လာရာ တာဝန်ရှိသူများက ရှေးဟောင်းရထားတွဲ ပုံစံပြုလုပ်ထားမှုဖြင့် ခေါ်ဆောင်၍ဧည့်ခံပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ၎င်းတို့နေရာကို ဆိုင်ခန်းပေါင်း ၃၃၀၀၀ ကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်၍ အဝတ်အထည်၊ လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်းများဖြင့် အဆောက်အအုံသုံးခုတွင် ဇုန်အလိုက်ခွဲခြားဆောင်ရွက်နေကြောင်း၊ ပြည်တွင်းထုတ်ကုန်များကိုအခြေခံပြီး တောင်အာရှနှင့်အရှေ့တောင်အာရှသို့ဖြန့်ချိသည့် လက်ကားရောင်းဝယ်ရေးစင်တာ ဖြစ်လာစေရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ရှင်းလင်းကြောကြားသည်။

ညနေပိုင်းတွင် ကူမင်းနိုင်ငံတကာ ပန်းရောင်းဝယ်ရေးစင်တာ (Kumming International Flora Auction Trading center) သို့ ရောက်ရှိကြရာတာဝန်ရှိသူများက ၎င်းတို့စင်တာသည် ကမ္ဘာပေါ်တွင် နံပတ်(၂)အကြီးဆုံးနှင့် အာရှနှင့်တရုတ်နိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး ပန်းစိုက်ဧကသုံးသိန်းခွဲခန့်ဖြင့် တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်နေကြောင်း၊ နေ့စဉ်ပန်းစည်း(၄/၅)သန်းခန့်ကို ပြည်တွင်းသို့ ၉၀ ရာခိုင်နှုန်းနှင့်ကျန် ၁၀ ရာခိုင်နှုန်းကို ပြည်ပသို့ရောင်းချတင်ပို့နေကြောင်း၊ ပန်းများအဆင်းအနံ့ အရည်အသွေးတိုးတက်စေရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြပြီး စင်တာအတွင်း လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%80%80%e1%80%b0%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%80%e1%80%ac%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....