(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ နှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ကျင်းပ
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ဩဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ဝန်ကြီးချုပ်များ၊ ဒုတိယသမ္မတများ၊ ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက် Country of Honor အဖြစ် ဆောင်ရွက်ခဲ့ကာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် စုစုပေါင်း (၁၀၀) ကျော်တို့မှ ဆိုင်ခန်း (၃၅)ခန်းဖြင့် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ပါဝင်ရောင်းချကြသည်။
ပြပွဲကို သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး အဓိကအားဖြင့် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာပတ်ဒေသများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ပေးရန် ရည်ရွယ်လျက် တောင်အာရှပြခန်း၊ အရှေ့တောင်အာရှပြခန်းနှင့် ပြည်ပပြခန်းဟူ၍ ပြခန်းကြီး ၃ ခန်း ကို ပြသထားမည် ဖြစ်သည်။
သီးခြားပြခန်း ၉ ခန်းအနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးပြခန်း၊ သယံဇာတပစ္စည်းများပြခန်း၊ စီးပွားဇုန်ပြခန်း၊ ဆိပ်ကမ်း စီးပွားရေးပြခန်း၊ ဇီဝဆေးပညာနှင့်ကျန်းမာရေးပြခန်း၊ ယဉ်ကျေးမှုခရီးသွားလုပ်ငန်းပြခန်း၊ ကုန်းပြင်မြင့် အထူးခေတ်မီလယ်ယာစိုက်ပျိုးရေးလုပ်ငန်းပြခန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးပြခန်းနှင့် အဆင့်မြင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာပြခန်း ဟူ၍ ပြသသည်။
ပြပွဲ၌ တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် RCEP အဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ခုတို့မှ ပါဝင်ပြသကြကြောင်း သိရသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%81%87%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%90%e1%80%b1%e1%80%ac%e1%80%84/