တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအရည်အသွေးမြှင့် အထောက်အကူပြုရေး ဆွေးနွေး
တိုင်းရင်းသားဘာသာစကား သင် ဆရာ/ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုရေး ဆွေးနွေးပွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်က မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံ ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးမြတ်ကျော်ကအမှာစကားပြောကြားပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားသည်။
“တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမတွေအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲကို တိုင်းရင်းသားတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုစရိုက်လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကိုယ်တိုင်ထိန်းသိမ်းရုံသာမက ကျောင်းသားလူငယ်၊ မိဘပြည်သူ အားလုံး ပါဝင်ဆောင်ရွက်ဖို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးမြတ်ကျော် ကပြောသည်။
တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ၂/၂၀၂၃ သို့ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%9e/