ပြည်တွင်းအာလူးထွက်ရှိမှု ရှားပါးချိန်ဖြစ်သဖြင့် တရုတ်နိုင်ငံကတင်သွင်းနေရ

ပြည်တွင်းအာလူးထွက်ရှိမှု ရှားပါးချိန်ဖြစ်သဖြင့် တရုတ်နိုင်ငံကတင်သွင်းနေရ

ပြည်တွင်းအာလူးထွက်ရှိမှု ရှားပါးချိန်ဖြစ်သဖြင့် တရုတ်နိုင်ငံကတင်သွင်းနေရ

ပြည်တွင်း၌ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလဆန်းပိုင်းထိ အာလူး ထွက်ရှိမှုမှာ ရှားပါးချိန်ဖြစ်ပြီး လက်ရှိတွင် ဈေးကွက်ဝယ်လိုအား ကောင်းလျက်ရှိရာ လုံလောက်သည်အထိ မဖြည့်ဆည်းနိုင်သေးဘဲ တရုတ်ဘက်မှ အာလူးများဖြင့် ဈေးကွက်လိုအပ်ချက် ဖြည့်ဆည်း တင်သွင်းနေရကြောင်း သိရသည်။

အာလူးကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး စက်တင်ဘာလကုန်ပိုင်းတွင် အာလူးထွက်ရှိမှု ပိုမိုများပြားလာမည်ဖြစ်ကာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု ဆိုသည်။

“မေလကစိုက်တဲ့ အာလူးတွေ ဈေးကွက်မှာဝင်နေပြီး ဩဂုတ်လမှာလည်း စိုက်ဖို့ ပြင်နေကြပြီ။ တစ်နှစ်ကို အာလူး သုံးကြိမ်စိုက်ကြတယ်။ မတ်၊ ဧပြီ၊ မေနဲ့ ဇွန်လတွေက အထွက်အများဆုံးချိန်ပဲ။ ခုရာသီမှာ ဖျက်ပိုးတွေကြောင့် အာလူးအထွက်နှုန်းနည်းတာရယ် အခုမှ မိုးကြိုအားလူး စပေါ် လာတာရယ်ကြောင့် ဈေးကွက် လုံလောက်အောင် မဖြည့်နိုင်ဘူး။ ဒီချိန်မှာ တရုတ်အာလူးတွေ ပြည်တွင်းဈေးကွက်ဝင်လာတာက စားသုံးသူတွေမှာ အဆင်ပြေမယ်”ဟု အာလူးစိုက်ပျိုးသူများအသင်းဝင်တစ်ဦးက ပြောသည်။
ပြည်တွင်းမှ အာလူးပေါများစွာထွက်ရှိချိန်တွင် တရုတ်ဘက်က အောက်ဈေးဖြင့် ဝင်ရောက်ပါက တောင်သူများ နစ်နာနိုင်သော်လည်း လက်ရှိတွင် ဈေးကွက်လိုအပ်ချက်ဖြည့်ဆည်းရာရောက်ပြီး တရုတ်အာလူးများသည် တစ် ပိဿာ ငွေကျပ် ၂၆၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း၊ ပြည်တွင်းမှ အာလူးကြော်နှင့် အခြားကုန်ချော ထုတ်လုပ်သူများအတွက် တရုတ်အာလူးမှာ အရည်အသွေးနိမ့်ပြီး မြန်မာ့အာလူးက သာလွန်ကောင်းမွန်ကြောင်း သိရသည်။

“တရုတ်အာလူးကို စားဖိုချောင်အတွက် သုံးကြတာ။ အာလူးကြော်လုပ်ငန်းတွေက အရွယ်ကြီးကို အသုံးများပြီး ဝယ်လိုအား ကောင်းတာကြောင့် တချို့က အချိန် မရောက်သေးဘဲ တူးပြီးရောင်းတော့ အရည်အသွေးနိမ့်သွားတယ်။  ရာသီဉတုက မမျှတတဲ့အခြေအနေဖြစ်သလို မိုးရာသီဖြစ်တဲ့ ၇ လပိုင်းနဲ့ ၈ လ ပိုင်းက အာလူးရှားချိန်ဖြစ်ပြီး အာလူးအရွယ်က အကြီးမဟုတ်ဘဲ အလတ်နဲ့ အသေးတွေပဲများတယ်” ဟု ဆက်လက်ပြောကြားသည်။

ပြည်တွင်းအာလူးအရွယ်ကြီးများ မထွက်ရှိသေးဘဲ ဈေးကွက်တွင် အလတ်နှင့် အရွယ်သေးများသာရှိ၍ တစ်ပိဿာငွေ ကျပ် ၃၀၀၀-၅၀၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း၊ အာလူး ဈေးကွက်အလားအလာမှာ ၁၀ လပိုင်းတွင် ပြည်တွင်းထွက်အာလူး များလာနိုင်ပြီး ဩဂုတ်လတွင် အာလူးထွက်ရှိမှု နည်းပါးကာ ရှားပါးဆုံးချိန်က ဇူလိုင်လမှ ဩဂုတ် လကုန်ပိုင်းထိဖြစ်ကြောင်း သိရသည်။

အာလူးစိုက်ပျိုးရာ၌ မြေဩဇာအလွန်အကျွံသုံးစွဲမှုကြောင့် အပင်အကျိုးပြု ဗက်တီးရီးယားပိုးများ သေဆုံးပြီး အပင်ကို ပျက်စီးစေသော ဗက်တီးရီးယားများ ရှင်သန်ပေါက်ပွားစေသဖြင့် အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် နှင့် ပြည်တွင်းမှ အများအပြား ထုတ်လုပ်ဖြန့်ချိနေသော သဘာ၀မြေဩဇာကို သုံးစွဲသင့်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/15/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%ac%e1%80%9c%e1%80%b0%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%ad%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....