တရုတ်ခရီးသွားများချောမွေ့စွာလည်ပတ်နိုင်ရေးဆွေးနွေး

တရုတ်လူမျိုးခရီးသွားများ အများအပြားလာရောက် လည်ပတ်ကြမည်ဖြစ်သဖြင့် လွယ်ကူချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေး

တရုတ်ခရီးသွားများချောမွေ့စွာလည်ပတ်နိုင်ရေးဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ တရုတ်လူမျိုး ခရီးသွားဧည့်သည်များ အများအပြား ဝင်ရောက်လာ တော့မည်ဖြစ်၍ ၎င်းတို့ဝင်ရောက်ရာတွင် အဆင်သင့်ဖြစ်နေစေရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ တရုတ်လူမျိုးခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာလည်ပတ် နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း၊ မြန်မာ-တရုတ် ကုန်သည်ကြီးများအသင်း၊ တရုတ်နိုင်ငံတက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဖွဲ့စည်းထားသော မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် တရုတ်ခရီးသွားဈေးကွက် ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ခေတ္တတပ်ဖွဲ့မှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် နယ်ရုံးခွဲများမှတာဝန်ခံများက အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ခရီးသွားကုမ္ပဏီများအနေနှင့် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပြီး ဝန်ကြီးဌာနအနေနှင့်လည်း လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများ၌ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ခရီးသွားရာသီအမီ ငွေကြေးသုံးစွဲမှုအဆင်ပြေစေရေး၊ ဘာသာစကားနှင့် နေထိုင်သွားလာရေးတို့ အပါအဝင် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာကြရန် လိုအပ်ကြောင်း၊ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယ၊ ရုရှားကဲ့သို့ အလားအလာရှိသည့် ခရီးသွားဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက်လာရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက တရုတ်ခရီးသွား များပိုမိုဝင်ရောက်လာရေးအတွက် ခရီးသွားမြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားပြပွဲများနှင့် မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းဆိုင်ရာ G2G ၊ B2B ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က တရုတ်နိုင်ငံ ကူမင်းမြို့ ခရီးစဉ်ဆိုင်ရာ အတွေ့အကြုံများအား ဆွေးနွေးတင်ပြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က မြန်မာ – တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသော အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....